တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံအနီးတွင် ဘက်ဟိုးယာဉ်တင်ဆောင်လာသော တွဲယာဉ်နှင့် ဆက်သွယ်‌ရေးကြိုးလိုင်း ချိတ်မိ၍ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံအနီးတွင် ဘက်ဟိုးယာဉ်တင်ဆောင်လာသော တွဲယာဉ်နှင့် ဆက်သွယ်‌ရေးကြိုးလိုင်း ချိတ်မိ၍ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်နေ

စုလှိုင်

.

တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ ဝါးပြားလမ်းဆုံမီးပွိုင့်အနီးတွင် ယနေ့ စက်တင်ဘာလ ၂၅ ရက်၊ ည ၇ နာရီခွဲ ခန့်က ဘက်ဟိုးယာဉ် တင်ဆောင်လာသော တွဲကားမှ ဆက်သွယ်ရေးကြိုးများအား ချိတ်မိ၍ ဆက်သွယ်ရေးတိုင်ပြိုလဲပြီး လမ်းပိတ်ဆို့မှု ဖြစ်ပေါ်နေကြောင်း သိရသည်။

.

.

“တွဲကားပေါ်မှာပါတဲ့ ဘက်ဟိုးယာဉ်နဲ့ ဆက်သွယ်ရေးကြိုးတွေ ချိတ်မိပြီး တိုင်ပါ ကျိုးသွားတာ။ လောလော ဆယ် ဆက်သွယ်ရေးတိုင်ပေါ်က ကြိုးတွေ ရှင်းနေတယ်။ အခုမှ ပြင်နေကြတုန်းပဲ” ဟု ဝါးပြားလမ်းဆုံအနီး နေထိုင်သူ တစ်ဦးက ပြောသည်။

.

ယင်း ဘက်ဟိုးယာဉ် တင်ဆောင်လာသော တွဲယာဉ်သည် အနောက်မြို့ပတ်လမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ မောင်းနှင်လာစဉ် ဝါးပြားလမ်းဆုံ မီးပွိုင့်အနီး အရောက်တွင် ယင်းကဲ့သို့ ဆက်သွယ်ရေးကြိုးများနှင့် ချိတ်မိခဲ့ခြင်းဖြစ်ပြီး အခြား ထိခိုက် ပျက်စီးမှုနှင့် လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း ကနဦး သိရသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး ထွန်းနိုင်အောင်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် စစ်ဆေးနေဆဲဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

.

တောင်ကြီးမြို့ပေါ်ရှိ အဓိက လမ်းမကြီးများနှင့် လမ်းသွယ်များ၊ လူနေရပ်ကွက်များအတွင်း ဆက်သွယ်ရေး ကြိုးလိုင်း များ စနစ်တကျ တပ်ဆင်ထားမှု မရှိခြင်းကြောင့် လမ်းသွားလမ်းလာများ အခက်အခဲ ဖြစ်ပေါ်နေရပြီး မလိုလားအပ်သော ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နှင့် အခြား ထိခိုက်ပျက်စီးမှုများ ကြုံတွေ့လာမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။

.

Journal Download

Photo of three cats