COVID-19 ကပ်ရောဂါ ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ပိုမိုလှူဒါန်းသင့်ကြောင်း ပရဟိတအဖွဲ့များ ပြောကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ကပ်ရောဂါ ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ပိုမိုလှူဒါန်းသင့်ကြောင်း ပရဟိတအဖွဲ့များ ပြောကြား

စိုင်းအောင်မြတ် (တောင်ကြီး)

.

ယခုအခါ မိုးတွင်းကာလ၊ ဝါတွင်းကာလဖြစ်ပြီး COVID-19 ကူးစက်ရောဂါကြောင့် ဘုန်းတော်ကြီးကျောင်းများ၊ အထူးသဖြင့် စာသင်သားသံဃာများပြားသောပရိယတ္တိစာသင်တိုက်များတွင် ဆွမ်း၊ ဆွမ်းဟင်း အခက် အခဲများ ဖြစ်ပေါ်လျက်ရှိရာ အလှူရှင်များအနေဖြင့် ပိုမိုလှူဒါန်းသင့်ကြောင်း ပရဟိတအဖွဲ့များထံက သိရသည်။

.

.

“သံဃာများတဲ့ ကျောင်းတွေက မိုးသိပ်ကြီးတဲ့ နေ့တွေမှာ ဆွမ်းလောင်းတဲ့သူ နည်းလို့ ဆွမ်းမရကြသလို အခုလို COVID-19 ကာလမှာ အပြင်မထွက်ရဘူး ဆိုတော့ ဆွမ်း၊ ဆွမ်းဟင်းတွေ အခက်အခဲဖြစ်ကြတာမို့ ခုလို ဝါတွင်းကို အားစိုက်ပြီး ပိုလှူဒါန်းသင့်ပါတယ်” ဟု ကံရှေ့ရပ်ကွက် အခြေပြု အများကောင်းမှု ပရဟိတဆွမ်းလောင်းလှူအသင်း အဖွဲ့ခေါင်းဆောင် ကိုမိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အများကောင်းမှု ပရဟိတဆွမ်းလောင်းလှူအသင်း အနေဖြင့် ဝါသနာတူမိတ်ဆွေ ၂၅ ဦးဖြင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်မှာ ၁၂ နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး လွန်ခဲ့သည့် ၅ နှစ်မှ စတင်၍ ဝါတွင်းကာလ ဆွမ်းလောင်းခြင်း၊ ဆွမ်းဟင်းကပ်လှူခြင်းများကို ဆောင်ရွက်ခဲ့ရာမှ အခြားအလှူရှင်များလည် ပါဝင်လှူဒါန်းလာသည့်အတွက် ယခင်က တစ်လတစ်ကြိမ် လှူဒါန်းနိုင်ရန် ရည်မှန်းခဲ့သော်လည်း ယခုအခါ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပရိယတ္တိစာသင်တိုက် များသို့ ဆွမ်း၊ ဆွမ်းဟင် ကပ်လှူနိုင်ခဲ့ကြောင်း သိရသည်။

.

“စက်တင်ဘာလ ၂၇ ရက်မှာဆိုရင် ကျွန်တော်တို့ အဖွဲ့ကို အမြဲလှူဒါန်းပေးနေတဲ့ တစ်ဦးတည်း အလှူရှင် ဦးကိုကိုဦး (ခ) ကိုအယ်ပွ + ဒေါ်ဖြူဖြူဝင်း မိသားစုအလှူ အဖြစ် ဘုရားကြီးအနောက်၊ ဘုရားကြီးမြောက်၊ ဘုရားကြီးအတွင်းနဲ့ မင်္ဂလာရာမကျောင်းတိုက်တွေက သံဃာတော် ၁၆၅ ပါးအတွက် ဆွမ်း၊ ဆွမ်းဟင်းတွေ ဝိုင်းဝန်းချက်ပြုတ် ကူညီ လှူဒါန်းပေးခဲ့ပါတယ်” ဟု ကိုမိုးက ဆက်လက်ပြောဆိုခဲ့သည်။

.

အသင်းအနေဖြင့် အလှူငွေ ၆၆၁၂၅၀၀ ကျပ် ရရှိခဲ့ပြီး ဆွမ်း၊ ဆွမ်းဟင်းနဲ့ လှူဖွယ်ပစ္စည်းတွေ ၂၅ သိန်းကျော် လှူဒါန်းပေးခဲ့ပြီးဖြစ်ကာ အဖွဲ့ဝင်များ၏ လှူဒါန်းမှုသာမက တစ်ဦးတည်း အလှူရှင်များ ပေါ်ပေါက်လာပါကလည်း ဝိုင်းဝန်းချက်ပြုတ်ကပ်လှူပေးလျက်ရှိကြောင်း သိရသည်။

.

ထို့အတူ ပရဟိတအဖွဲ့ဝင်တစ်ဦးကလည်း “မိုးတွင်းကာလမှာ ဆွမ်းလောင်းတဲ့သူနည်းလို့၊ ဆွမ်း၊ ဆွမ်းဟင်းတွေ အခက်အခဲဖြစ်ရသလို မိုးရွာထဲမှာ ဆွမ်းခံကြွ ရလို့ သံဃာတော်တွေ မိုးစိုပြီး သင်္ကန်းတွေ အကြိမ်ကြိမ် လဲရတာမို့ သင်္ကန်းအခက်အခဲလည်း ဖြစ်ရပါတယ်။ သင်္ကန်း လှူရာမှာတောင် ကထိန်သင်္ကန်းထက်စာရင် ဝါတွင်း လှူရတဲ့ ဝါဆိုသင်္ကန်းက ပိုပြီး ကုသိုလ်ရတာမို့ သင်္ကန်းတွေ များများ လှူသင့်တဲ့အပြင် အခုလို COVID-19 ကာလမှာ သံဃာတော်တွေအတွက် တစ်ခါသုံး Mask တွေ၊ လက်ဆေး ဆပ်ပြာတွေ၊ Hand Gel တွေ၊ ဆေးဝါးတွေလည်း များမှား လှူသင့်ပါတယ်” ဟု ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။

.

ယခုအခါ COVID-19 ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် တောင်ကြီးမြို့ပေါ်ရှိ သိမ်တောင်ပရိယတ္တိစာသင် တိုက်၊ အောင်မြေဘုံစံ သာမဏေကျော်ကျောင်းတိုက်အပါအဝင် ဘုန်းတော်ကြီးကျောင်းအချို့တွင် Lockdown ပြုလုပ် ထားပြီး ယင်းကျောင်းများမှ သံဃာတော်များမှာ ပြင်ပသို့ ဆွမ်းခံကြွနိုင်ခြင်း မရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats