မင်းဇော်မင်း
.
တာချီလိတ်-မယ်ဆိုင် ကုန်စည်ကူးသန်းမှုကို စက်တင်ဘာလ ၃၀ ရက်၊
နံနက် ၆ နာရီမှ စတင်၍ ပုံမှန်အတိုင်း ပြန်လည် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တာချီလိတ်ခရိုင်
COVID-19
ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးကော်မတီက ယနေ့ စက်တင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု
သိရသည်။
.
.
အဆိုပါ ထုတ်ပြန်စာတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားနေသည့်
ကာလအတွင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အကြား ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက်
မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ကုန်စည်ဖြတ်သန်း သယ်ဆောင်မှုကို ကန့်သတ်ထိန်းချုပ်ခဲ့ရာ
စက်တင်ဘာလ ၂၈ ရက်၊ နံနက် ၁၀ နာရီက တာချီလိတ်မြို့၊ 1G1 ဟိုတယ်
၌ ပြုလုပ်သည့် မြန်မာ-ထိုင်း နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးပွဲတွင်
ရရှိခဲ့သည့် ဆွေးနွေးမှုရလဒ်များအနက် မြန်မာလိုင်စင်/ထိုင်းလိုင်စင်ပါ မော်တော်ယာဉ်များဖြင့်
ကုန်စည်ကူးသန်းရောင်းဝယ်မှုကို ပုံမှန်အတိုင်း ပုံမှန်ပြန်လည် ဆောင်ရွက်ရန်၊ တစ်ပိုင်တစ်နိုင်
ကုန်စည်ပို့ဆောင်မည့် မြန်မာ/ထိုင်းလိုင်စင် မှန်လုံမော်တော်ယာဉ်ငယ်များကို စီးရေ မကန့်သတ်ဘဲ
သယ်ယူပို့ဆောင်ခွင့်ပြုရန်၊ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု
ထိန်းချုပ်ကာကွယ်သည့်အနေဖြင့် နှစ်နိုင်ငံမော်တော်ယာဉ်များဖြင့် ဖြတ်သန်းဝင်ရောက်လာပါက
သတ်မှတ်နေရာ၌ ယာဉ်မောင်းလဲလှယ်ရန် စသည့် အချက်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ဖော်ပြပါရှိသည်။
.
“သူတို့ဘက် အကောက်ခွန်ရုံးက မနက် ၈ နာရီလောက်ဖွင့်တာကို ဒီဘက်က
ကားတွေစောရောက်တာကိုလည်း အဆင်ပြေစွာ စလစ်ထုတ်ပေးဖို့ သဘောတူထားပါတယ်။ ကျန်အချက်တွေကို
ဆက်လက်ပြီး ဆောင်ရွက်သွားဖို့ ရှိပါမယ်” ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး
ဦးချမ်းမြေ့စောက ပြောသည်။
.
မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု များပြားလာသည့်အပေါ် တာချီလိတ်-မယ်ဆိုင်
ကုန်စည်ကူးသန်း သယ်ယူမှုကို ထိုင်းဘက်မှ ညှိနှိုင်းမှုမရှိဘဲ တစ်ဘက်သတ်ကန့်သတ်ထုတ်ပြန်မှု
ပြုလုပ်ခဲ့ရာ မြန်မာဘက်က စက်တင်ဘာ ၁၇ ရက်မှစကာ ကား ၆ စီးသာ မြန်မာနိုင်ငံအတွင်း
ဝင်ခွင့်ပြုရန် တုံ့ပြန်ခဲ့သည့်အပေါ် ထိုင်းဘက်မှ ပြန်လည်ဆွေး နွေးညှိနှိုင်းကာ
မြန်မာဘက်မှ တောင်းဆိုချက်များကို လိုက်လျောပြီး ပုံမှန်အတိုင်း ကုန်စည်ကူးသန်း သယ်ဆောင်ကြခြင်းဖြစ်ကြောင်း
သိရသည်။
.
ထိုင်းနိုင်ငံ (မယ်ဆိုင်) အနေဖြင့် မြန်မာနိုင်ငံနှင့်
ကုန်သွယ်မှုတွင် ၂၀၁၉ အောက်တိုဘာမှ ၂၀၂၀ သြဂုတ်လအထိ ထိုင်းဘတ် ၁၂ ဒသမ ၂
ဘီလီယံရှိခဲ့ပြီး မြန်မာနိုင်ငံသို့ တင်သွင်းသည့် ကုန်စည်အများစုမှာ
စားသုံးကုန်ပစ္စည်းများ၊ လောင်စာဆီ၊ အချိုရည်၊ ဆောက်လုပ်ရေးပစ္စည်းများ၊
ဘိလပ်မြေ၊ လျှပ်စစ်ပစ္စည်းများဖြစ်ပြီး
စိုက်ပျိုးရေးထွက်ကုန်၊ သတ္တု စသည်တို့ဖြစ်ကာ မြန်မာဘက်ကမူ ကြက်သွန်ဖြူ ကဲ့သို့သော
စိုက်ပျိုးထွက်ကုန်များကို ထိုင်းဘက်မှ ကောက်ခံသည့် အခွန်အခများစွာပေး၍ တင်ပို့နေရခြင်းဖြစ်ကြောင်း
သိရသည်။
.