မင်းဇော်မင်း
.
တာချီလိတ်-မယ်ဆိုင် နယ်စပ်ကုန်သွယ်ရေး အခက်အခဲဖြစ်ပေါ်နေသည့်
ကိစ္စရပ်များနှင့် စပ်လျဉ်း၍ စက်တင် ဘာ လ ၂၅ ရက်၊ ညနေပိုင်းက တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့
မယ်ဆိုင်မြို့ပိုင်နှင့် တာဝန်ရှိသူများ လာရောက် တွေ့ဆုံကာ အလွတ်သဘော ညှိနှိုင်းဆွေးနွေးခဲ့ကြသည်ဟု
သိရသည်။
.
.ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံဘက် ချစ်ကြည်ရေးတံတားအမှတ်
(၁) အနီးရှိ ရွှေနန်းတော်ကုန်တိုက် အစည်း အဝေးခန်းမတွင် နှစ်ဘက် တံခါးပိတ်ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု
တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော ထံက သိရသည်။
.
“အရင်လိုပဲ ချစ်ကြည်ရင်းနှီးစွာ ပြန်လည်ဆက်ဆံလိုကြောင်း
မယ်ဆိုင်မြို့ပိုင်က ပြောပါတယ်။ စလစ်တွေကိစ္စ အခွန် ကိစ္စတွေ ဆွေးနွေးဖြစ်သလို
သူတို့ဘက်ကလည်း အခက်အခဲတွေကို ပြောပါတယ်။ ဆွေးနွေးမှုတွေ အခြေအနေ ကောင်းပါတယ်၊
လာမယ့် ၂၈ ရက်မှာတော့ နှစ်နိုင်ငံ ဌာနစုံတွေ့ဆုံပြီး
အသေးစိတ်ညှိနှိုင်းဆွေးနွေးသွားဖို့ရှိပါမယ်”ဟု ဦးချမ်းမြေ့စောက ပြောသည်။
.
တာချီလိတ်-မယ်ဆိုင်ကြား တံတားအမှတ် (၂) မှ
ကုန်စည်ပို့ဆောင်ရေးအပေါ် မယ်ဆိုင်ဘက်မှ နှစ်နိုင်ငံသဘော တူညီချက် မရှိဘဲ တစ်ဘက်သတ်
ကုန်စည်ပို့ဆောင်ရေးကြေညာချက်အပေါ် မြန်မာဘက်က ကား ၆ စီးသာ ကူးသန်းသွားလာရန် စက်တင်ဘာ
၁၇ ရက်က တုံ့ပြန်ဆောင်ရွက်ပြီးနောက် ယခုအခါ ထိုင်းနိုင်ငံဘက်မှ လာရောက် တွေ့ဆုံကာ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်ဟု
သိရသည်။
.
“လာမယ့် အစည်းအဝေးမှာ မြန်မာနိုင်ငံထွက်
စိုက်ပျိုးရေးထွက်ကုန်ဖြစ်တဲ့ ကြက်သွန်ဖြူလို ကုန်စည်တွေအပေါ် အခွန်လျှော့ပေးဖို့
ကအစ အချက် ၈ ချက်၊ ၉ ချက်လောက် ဆွေးနွေးဖို့ရှိပါမယ်” ဟု ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်
(၇) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က ပြောသည်။
.
တာချီလိတ်မှ မယ်ဆိုင်သို့ ကုန်စည်သယ်ယူပို့ဆောင်ရာတွင်
ထိုင်းနိုင်ငံဘက်မှ ကားဖြတ်သန်းခွင့်အတွက် ရက်လွန် ကြေးအဖြစ် ငွေကြေးများစွာကောက်ခံနေမှုများအပြင်
တံတားအပေါ် ဖြတ်သန်းခွင့်မပေးခြင်း၊ ကားစီးရေ သတ်မှတ်ချက်များ အလွန်အမင်း
သတ်မှတ်ထားမှုများကို ဖြေလျှော့ပြင်ဆင်ပေးရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
စက်တင်ဘာ ၁၇ ရက်က စတင်သည့် နယ်စပ်ကုန်သွယ်မှုပုံစံ
ကန့်သတ်ပြောင်းလဲမှုကြောင့် ထိုင်းနိုင်ငံဘက်တွင် နေ့စဉ် ထိုင်းနိုင်ငံသုံးဘတ်ငွေ
သန်း ၁ဝဝ ခန့် နစ်နာဆုံးရှုံးနေကြောင်း ထိုင်းကုန်သည်များနှင့် လုပ်ငန်းရှင်များက
မယ်ဆိုင်မြို့ တာဝန်ရှိသူများထံ တောင်းဆိုခဲ့ကြသည်ဟု သိရသည်။
.
မြန်မာနိုင်ငံဘက်ခြမ်း တာချီလိတ်တွင်လည်း တောင်ကြီးဘက်မှ စက်သုံးဆီများသွားရောက်သယ်ဆောင်ခဲ့ရပြီး အချို့သော စက်သုံးဆီတင်သွင်းသူများကမူ ဝမ်ပုံဆိပ်ကမ်းဘက်မှ စက်သုံးဆီများ တင်သွင်းခဲ့ကြကြောင်း သိရသည်။
.