မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၌ စက်သုံးဆီ လိုအပ်ချက် မဖြစ်ပေါ်စေရေးအတွက် စက်သုံးဆီများ သယ်ဆောင်ရန် ဆီတင်ယာဉ် ၁၂ စီးသည် တာချီလိတ်မှ တောင်ကြီးသို့ စက်တင်ဘာလ ၂၀ ရက်၊ နံနက်ပိုင်းက ထွက်ခွာလာပြီ ဖြစ်ကြောင်း သိရသည်။
.
(ဓါတ်ပုံ - တာချီလိတ် ထွေ/အုပ်)
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်ကုန်စည် ပို့ဆောင်ရေးအတွက် စက်တင်ဘာ ၁၇ ရက်မှ စတင်ကာ ယာဉ် ၆ စီးစီသာ သတ်မှတ် ပြေးဆွဲသည့် စနစ်ကို ကျင့်သုံးနေသည့်အတွက် ထိုင်းနိုင်ငံဘက်မှ ပုံမှန် သယ်ဆောင်နေသည့် စက်သုံးဆီနှင့် အခြားကုန်စည်များ လိုအပ်ချက် ဖြစ်ပေါ်မှု မရှိစေရန် လုပ်ဆောင်သည့်အနေဖြင့် တောင်ကြီးမြို့မှ စက်သုံးဆီများကို ဝယ်ယူသယ်ဆောင်၍ ဖြည့်တင်းနိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
.
“ တောင်ကြီးဘက်က ဈေးနှုန်းတောင် သက်သာပါတယ်။ ဒီမှာလည်း ယခင်နှုန်းထားများအတိုင်း ရောင်းချပေးနိုင်ဖို့ စီစဉ်ထားပါတယ်။ ဆီသွားသယ်တဲ့ ကားတွေ ကြန့်ကြာမှု မရှိစေဖို့ ထောက်ခံချက်တွေအပြင် ကျိုင်းတုံက စက်သုံးဆီဌာနကလည်း အကူအညီပေးသွားမှာ ဖြစ်ပါတယ်။ (ထိုင်းနိုင်ငံမှ) နေ့စဉ် သယ်နေတဲ့ ၆ စီးနဲ့ စားသောက်ကုန်တွေလည်း သယ်နေတဲ့အပြင် တောင်ကြီးဘက်ကလည်း ဆီ၊ ဆန်၊ ဆား၊ ကြက်သွန်တွေ သယ်ဆောင်နေပါတယ်။ ခက်ခဲမှု တစ်ခုကတော့ ဝက်သားပဲ ရှိပါတယ်၊ ဒါလည်း ဖြည့်ဆည်းနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။” ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။
.
ထို့အတူ ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၇) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်ကလည်း “ ရှမ်းပြည်နယ် အစိုးရက အပြည့်အဝ အထောက်အကူပြုဖို့ စီစဉ်ထားပါတယ်၊ စက်သုံးဆီ လိုအပ်ချက် မရှိနိုင်ပါဘူး။” ဟု ပြောသည်။
.
တာချီလိတ်ခရိုင် အုပ်ချုပ်ရေးအာဏာပိုင်များနှင့် ပြည်သူလူထုအနေဖြင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု ဆက်ဆံရေး တန်းတူဖြစ်ရန် ကြိုးပမ်းနေမှုအရ တူညီသည့် ကုန်သွယ်မှု ဖြစ်ရန် မြန်မာဘက်က လုပ်ဆောင်လျက်ရှိရာ ထိုင်းနိုင်ငံဘက်မှ ဝယ်ယူနေသည့် စက်သုံးဆီ၊ စားသောက်ကုန်နှင ့်အခြားကုန်စည်များအား ပြည်တွင်းမှသာ သယ်ယူ တင်သွင်းနိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
“ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စက်ယန္တရားတွေ စက်သုံးဆီ လိုအပ်ချက် လောလောဆယ် မရှိသေးပါဘူး၊ လိုအပ်လာရင် ဖြည့်ဆည်းဖို့အတွက် ထိုင်းဘက်က အခြေအနေကို စောင့်ကြည့်ပြီး တောင်ကြီးဘက်က မှာဖို့ ကြိုတင် စီစဉ်ထားပါတယ်။ အရည်အသွေးပိုင်း ကောင်းဖို့ပဲ လိုအပ်ပါတယ်။ ကျန်တာကတော့ သိပ် အခက်အခဲ မရှိပါဘူး။ ကိုယ့်နိုင်ငံနဲ့ တန်းတူ ကုန်သွယ်မှု ရဖို့ အရေးကြီးပါတယ်။” ဟု မိုင်းဆတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်အောင်က ပြောသည်။
.
လက်ရှိ ဖြစ်ပေါ်နေသည့် မြန်မာ-ထိုင်း နယ်စပ်မြို့များ ဖြစ်သည့် တာချီလိတ်-မယ်ဆိုင် ကုန်စည်သယ်ယူပို့ဆောင်မှု အခြေအနေကို မိုင်းဆတ်၊ မိုင်းတုံမြို့နယ်များရှိ ကုန်သည်များက စောင့်ကြည့်လျက် ရှိကာ တောင်ကြီးဘက်မှ ဝယ်ယူ ဖြည့်တင်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.