ရွှေညောင်မြို့ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ဆောင်ရွက်နေမှုများအား ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ကွင်းဆင်းစစ်ဆေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, September 23, 2020

ရွှေညောင်မြို့ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ဆောင်ရွက်နေမှုများအား ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ကွင်းဆင်းစစ်ဆေး

ကမ္ဘောဇတိုင်း

.

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်သော အဖွဲ့သည် စက်တင်ဘာလ ၂၂ ရက်က တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ရေကြီးရေလျှံမှု ဖြစ်ပေါ်စေခြင်းနှင့် ပတ်သက်ပြီး ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

.

.

ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် ပြည်ထောင်စု လမ်းမကြီးဘေး ဝဲ/ယာမြောင်းတူးဖော်ခြင်း၊ ကုန်းလှိုင်ကန် လက်ဝဲ လက်ယာ မြေသားမြောင်းများ သဲနုန်းတူးဖော်ခြင်း၊ အေးသာယာဆည် လက်ဝဲလက်ယာ မြေသားမြောင်း များ သဲနုန်းတူးဖော်ခြင်း၊ ကုန်းလှိုင်ကန်အရှေ့ဘက် ရေလွှဲမြောင်း တူးဖော်ခြင်း၊ ရွှေညောင်မြို့ မီးသတ်ရေကန်မှ ရေစီးဆင်း မှုရှိစေရန်အတွက် ရွှေညောင်-ညောင်ရွှေလမ်းအား ဖြတ်လျက် ရေမြောင်းတူးဖော်ခြင်းနှင့် တံတားတည်ဆောက်ခြင်း၊ မင်္ဂလာအောင်မြေရပ်ကွက် ဒက္ခိဏာရာမ ကျောင်းတိုက်အဝင် လမ်းတံတားတည်ဆောက်ခြင်း၊ မင်္ဂလာအောင်မြေ ရပ်ကွက်ဗိုလ်အောင်ဇေယျ လမ်းအဝင် တံတားတည်ဆောက်ခြင်း၊ သုခချမ်းသာရပ်ကွက် ဘူတာအဝင်လမ်းဘေး အုတ် ရေနုတ်မြောင်းတူးဖော်ခြင်း၊ သုခချမ်းသာရပ်ကွက် အမှတ် (၂၂၂) ထောက်ပို့ တပ်ခွဲအဝင်တံတား ပြန်လည်ပြုပြင် တည်ဆောက်ခြင်း၊ အမှတ် (၂၂၂)ထောက်ပို့တပ်ခွဲနှင့် တာယာအကြော်ဆိုင်ကြားရှိ အုတ်ရိုးဖယ်ရှားခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်း ကြည့်ရှုစစ် ဆေးခဲ့ပြီး မြို့မိမြို့ဖများမှတင်ပြသော ထပ်မံဆောင်ရွက်ရန် လိုအပ်လျက်ရှိသည့် လုပ်ငန်းများအား သက်ဆိုင်ရာဌာနများမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

.

ရွှေညောင်မြို့ ရေကြီးရေလျှံမှု မဖြစ်ပွားစေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပိုလျှံရန်ပုံငွေမှ ကျပ် ၂၂၄ ဒသမ ၇၄ သန်းကို ဆညးမြောင်းဦးစီး ဌာန လုပ်ငန်း ၅ ခုအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၅၃ ဒသမ ၀၃ သန်းဖြင့်လည်းကောင်း၊ လမ်းဦးစီးဌာန လုပ်ငန်း ၁ ခုအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၁၁၆ သန်းဖြင့်လည်းကောင်း၊ စည်ပင်သာယာရေးဌာန လုပ်ငန်း ၅ ခုအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၅၅ ဒသမ ၇၁ သန်းဖြင့်လည်းကောင်း၊ ခွဲဝေချထားပေးခဲ့ပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါလုပ်ငန်းများသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၏ ဩဂုတ်လ ၅ ရက်က ရွှေညောင်မြို့ရပ်ကွက်များအတွင်း ရေဝင်ရောက်သည့် အခြေအနေနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးသော ခရီးစဉ်တွင် ရွှေညောင်မြို့၌ နှစ်စဉ်ရေကြီး ရေလျှံမှုများဖြစ်ပေါ်သဖြင့် ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေး ပြုပြင် ဆောင်ရွက်ရန်လိုအပ်သော လမ်း၊ တံတား၊ ရေမြောင်းများ စာရင်းအား ခရိုင်၊ မြို့နယ်၊ မြို့ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ များ ညှိနှိုင်းတိုင်ပင်ပြီး အမြန်ပြုစု၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြရန်လမ်းညွန်မှုအပေါ် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

.


No comments:

Post a Comment

Journal Download

Photo of three cats

About