မင်းဇော်မင်း
.
သီပေါမြို့နယ်၊ ခိုလုံတံတားအနီးတွင် စက်တင်ဘာလ ၂၈ ရက်၊ နေ့လယ်ပိုင်းက
မူးယစ်ဆေးဝါး ပိတ်ဆို့စစ်ဆေး ရှာဖွေ မှုများ ပြုလုပ်နေစဉ် ကားတစ်စီးပေါ်မှ သေနတ်ဖြင့်
ပြန်လှန်ပစ်ခတ်သဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီး အမျိုးသား ၂ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.သီပေါမြို့၏ အရှေ့တောင်ဘက် ၈ မိုင်ခန့်အကွာ နောင်အန်ကျေးရွာအုပ်စု၊
ခိုလုံတံတားအနီး၊ မိုင်တိုင်အမှတ် (၁၃၆/၄) နှင့် (၁၃၆/၅) အကြားတွင် စက်တင်ဘာလ ၂၈ ရက်၊
မွန်းလွဲ ၂ နာရီခန့်က မူးယစ်တပ်ဖွဲ့စု (၂၄) (လားရှိုး) မှ တပ်ဖွဲ့ဝင် များသည် မော်တော်ယာဉ်များအား
ပိတ်ဆို့စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေစဉ် နမ့်လန်ဘက်မှ ကျောက်မဲဘက်သို့ မောင်းနှင်လာသော
Mark-II
အဖြူရောင်ယာဉ်သည် စစ်ဆေးရေးအဖွဲ့ကို တွေ့ရှိသဖြင့် ကားနောက်ပြန်လှည့်ကာ
အမျိုးသားတစ်ဦး ဆင်းလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်သဖြင့် ရဲတပ်ကြပ်ကြီးအေးလွင်တွင် ဝဲဘက်မေးစေ့အောက်
ဖောက်ဝင်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် ကျဆုံးခဲ့ကြောင်း သိရသည်။
.
ရဲတပ်ဖွဲ့ဝင်များက အဆိုပါ မော်တော်ယာဉ်အား ပြန်လည်ပစ်ခတ်ရာ သေနတ်ပစ်ခတ်သူမှာ
ထွက်ပြေးသွားခဲ့ပြီး ယာဉ်ပေါ်တွင် ကျောက်မဲမြို့၊ မိုင်းတင်းကျေးရွာနေ စိုင်းစံဌေး၊
နမ့်လန်ကျေးရွာနေ ယာဉ်မောင်း စိုင်းမွမ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ကာ ထွက်ပြေးသွားသူမှာ
မိုင်းကိုင်မြို့နယ်၊ တုံလော့ကျေးရွာအုပ်စု၊ ရပ်ကွက် (၂) နေ စိုင်းစောထွန်း ဆိုသူဖြစ်ကြောင်း
သိရသည်။
.
ဆက်လက်ပြီး မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင် ဘိန်းဖြူ
၁၀၀ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၉၉၅ ပြား၊ ပွိုင့်-၂၂ ကျည် ၁၇ တောင့်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း
သိရသည်။
.
အဆိုပါအမှုမှ ရဲတပ်ဖွဲ့ဝင်အား လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးနေသူ
စိုင်းစောထွန်းအား အမြန်ဆုံး ဖမ်းဆီးရမိ ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိသူများအား
ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.