စိုင်းသိင်္ခသူ
.
မြန်မာနိုင်ငံ၊ မူဆယ်မြို့နှင့်
နယ်နိမိတ်ချင်း ထိစပ်နေသည့် တရုတ်နိုင်ငံ၊ ရွှေလီမြို့မှ မြန်မာအမျိုးသမီး ၂ ဦးတွင် COVID-19 ပိုး တွေ့ရှိခဲ့သဖြင့် စက်တင်ဘာ ၁၅
ရက်မှ စ၍ မြို့အား ယာယီ Lockdown ပြုလုပ်ထားကြောင်း သိရသည်။
.
“ လွန်တောင်းဖက်က ခိုးဝင်လာတာလို့ သိရတယ်၊ အဲဒီရပ်ကွက်က အုပ်ချုပ်ရေးမှူးကိုလည်း ဖမ်းပြီး စစ်နေတယ်လို့ ပြောတယ်။ ရပ်ကွက်အလိုက် လမ်းအလိုက် အပြင်မထွက်ဖို့
ပြောနေပြီ။ အခု အဲဒီ ၂ယောက်ကို
ရွှေလီဆေးရုံကြီးမှာ တင်ထားတယ်။ ဆေးရုံက ကျွန်မ အိမ်ဘေးမှာပဲ၊ သူတို့နဲ့ ထိတွေ့ခဲ့တဲ့ သူတွေ
ကိုလည်း လိုက်လံစုံစမ်းပြီး အားလုံးကို Quarantine ထားဖို့ ခေါ်သွားတယ်။ အားလုံးလည်း အပြင်မထွက်ရဆိုတော့ ညက
ရိက္ခာတွေ ဝယ်စုနေကြတယ်။ ရွှေလီ၊ ကြယ်ခေါင်က မြန်မာတွေ အားလုံး စုရပ်မှာ ဓါတ်ခွဲနမူနာ ယူဖို့
ကြေညာနေတယ်။ ခု မနက် ၈ နာရီက စ Lockdow ချပြီ။” ဟု ရွှေလီမြို့အခြေစိုက် မိုးမခ လူမှုကူညီရေးအသင်းမှ နာယက
ဒေါ်မိုးမခက ပြောသည်။
.
![]() |
(ရွှေလီဆေးရုံအား တွေ့မြင်ရစဉ်) |
အဆိုပါ ပိုးတွေ့လူနာများမှာ
အသက် ၃၂ နှစ်နှင့်
အသက် ၁၆ နှစ်အရွယ် အမျိုးသမီးများ ဖြစ်ကြပြီး ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်တွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတွင် COVID-19 ပိုး တွေ့ရှိပြီးနောက်
အတူနေ အသက် ၃၂
နှစ်အရွယ် အမျိုးသမီးတွင်ပါ ထပ်မံ တွေ့ရှိသဖြင့် ယနေ့ စက်တင်ဘာ ၁၅ ရက်၊ နံနက်မှ စ၍ တစ်ပတ်အကြာ ရွှေလီမြို့ကို အဝင်/အထွက် ပိတ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း
သိရသည်။
.
“ ဒီမှာ အားလုံး
သွားလာခွင့်တွေ ပိတ်လိုက်ပြီ။ ခိုးဝင်ဂယက်ကြောင့်
အသေးစိတ် စစ်ဆေးမယ် ပြောတယ်။ ခိုးဝင် ၂ ယောက်(ပိုး တွေ့သူများ) ကို အားလုံးက ဆဲနေကြတယ်။” ဟု ရွှေလီမြို့နေ ကိုဟိန်းနိုင်က ပြောသည်။
.
ရွှေလီမြို့နေသူ အားလုံး၏ ဓါတ်ခွဲနမူနာများကို
အခမဲ့ ဆေးစစ်ပေးမည် ဖြစ်ကာ အိမ်အပြင် မထွက်ရ၊
ခိုးဝင်လာသူများကို ဥပဒေအရ အရေးယူမည် ဖြစ်ပြီး တရုတ်နိုင်ငံ ကူးစက်ထိန်းချုပ်ရေးဥပဒေကို
တိကျစွာ လိုက်နာရမည် ဖြစ်ပြီး စက်တင်ဘာ ၁၂ ရက် နောက်ပိုင်း ရွှေလီမြို့မှ အခြားဒေသများသို့ ထွက်ခွာသူအားလုံးမှာ ရောက်ရာအရပ်တွင် ဓါတ်ခွဲနမူနာ ဆေးစစ်ရမည် ဖြစ်ကြောင်း
ရွှေလီမြို့COVID-19 ကာကွယ်ထိန်းချုပ်ရေးအဖွဲ့က
ကြေညာထားကြောင်း သိရသည်။