ရွှေညောင်မြို့တွင် ရေကြီးမှု လျှော့ချရေး လုပ်ငန်းစဉ်များ ပြုလုပ်ရန် ကော်မတီ ဖွဲ့စည်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွှေညောင်မြို့တွင် ရေကြီးမှု လျှော့ချရေး လုပ်ငန်းစဉ်များ ပြုလုပ်ရန် ကော်မတီ ဖွဲ့စည်း

မင်းဇော်မင်း

.

တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ရေကြီးမှု လျှော့ချနိုင်ရေး လုပ်ငန်းစဉ်များ ပြုလုပ်ရန်အတွက် ရေစီးရေလာ ကောင်းမွန်ရေး ကော်မတီကို စက်တင်ဘာလ ၁၈ ရက်က ဖွဲ့စည်းခဲ့ကြောင်း ယင်းကော်မတီထံမှ သိရသည်။

.

“ အစိုးရပိုင်းကလည်း လုပ်ဆောင်နေပေမယ့် လိုအပ်နေတဲ့ နေရာတွေမှာ ကိုယ့်အားကိုယ်ကိုးနဲ့ စေတနာရှင်တွေရဲ့ အကူအညီနဲ့ လုပ်ဆောင်သွားဖို့ ဖွဲ့စည်း လုပ်ဆောင်တာပါ။ လိုအပ်နေတဲ့ နေရာတွေ၊ ပြင်ရမည့် နေရာတွေကို ဆည်မြောင်း၊ စည်ပင်၊ ဌာနဆိုင်တွေရဲ့ ပံ့ပိုး ကူညီမှုတွေနဲ့အတူ မြို့သူမြို့သားတွေကလည်း ကိုယ့်မြို့ကိုယ်ရွာအတွက် ပူးပေါင်းကူညီပေးဖို့ လိုပါတယ်၊ အခု တစ်လအတွင်း အကောင်အထည် ဖော် ဆောင်ရွက်ပါမယ်။” ဟု ရွှေညောင်မြို့၊ ရေစီးရေလာကောင်းမွန်ရေး ကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးကျော်အေးက ပြောသည်။

.

အဆိုပါ ကော်မတီကို ရွှေညောင်မြို့၊ ဒက္ခိဏရာမပရိယတ္တိစာသင်တိုက်၌ ပရဟိတလူမှုရေး အကျိုးဆောင် ၁၈ ဦး မှ ဆွေးနွေး တိုင်ပင်၍ နာယက ၃ ဦး၊ အလုပ်အမှုဆောင် ၁၈ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

“လျှံထူးအောင်” ဆောက်လုပ်ရေးကုမ္ပဏီမှ ရွှေညောင်မြို့ ရေကြီးမှု မဖြစ်စေရေး လုပ်ငန်းစဉ်များတွင် စက်၊ လူ၊ ငွေ အင်အားကို တတ်နိုင်သမျှ ကူညီလုပ်ဆောင်ပေးမည် ဖြစ်ကာ နှစ်စဉ် ဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုကို တတ်စွမ်းသမျှ လျှော့ချနိုင်ရေး လုပ်ငန်းစဉ်များကို စနစ်တကျ လုပ်ဆောင်နိုင်ရေးအတွက် ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောဆိုသည်။

.


 

မိုး သည်းထန်စွာ ရွာသွန်းချိန်တွင် ရွှေညောင်မြို့ပေါ် ရပ်ကွက်အချို့ရှိ ရေနုတ်မြောင်းများ ကျဉ်းမြောင်းခြင်း၊ မရှိခြင်းနှင့် အနိမ့်အမြင့် လိုအပ်ချက်များကြောင့် ရေနစ်မြုပ်မှုများ ရှိနေသဖြင့် ယခု ဖွဲ့စည်းလိုက်သည့် ကော်မတီ အနေဖြင့် အများပြည်သူနှင့် ဆိုင်သော ရေချောင်းများကို ဦးစားပေး ဆောင်ရွက်ခြင်း၊ မကြာခဏ ရေနစ်မြုပ်လေ့ရှိသည့် စာသင်ကျောင်းများ အနီး ရေမြောင်းများ တူးဖော်ခြင်း၊ ရေနစ်မြုပ်လျက် ရှိသည့် ရပ်ကွက်မှ အဓိက ချောင်းမကြီးသို့ စီးဆင်းရာ ရေမြောင်းများ တူးဖော်ခြင်း စသည့် ရေစီးရေလာ ကောင်းမွန်စေရေး လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြ၍ သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

.

ယင်းကဲ့သို့ လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အငြင်းပွားဖွယ် ကိစ္စရပ်များ ပေါ်ပေါက်ပါက လူမှုရေးအရ ဆွေးနွေး ညှိနှိုင်းခြင်း၊ လိုအပ်ပါက မြို့ပြစည်ပင်ဥပဒေများနှင့် အညီ ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

.

ရွှေညောင်မြို့သည် တောင်ကြီးမြို့နယ် အတွင်း တည်ရှိသည့် အနိမ့်ဆုံးနေရာ ဖြစ်ကာ ပင်လယ်ရေ မျက်နှာပြင် အထက် ၂၉၇၅ ပေသာ ရှိပြီး မြို့ပေါ် ၁၁ ရပ်ကွက် ရှိ၍ ရပ်ကွက်အများစုတွင် မိုးသည်းထန်စွာ ရွာသွန်းချိန်၌ ရေနစ်မြုပ်မှု၊ ရေဝင်မှုများ ဖြစ်ပေါ်လေ့ ရှိကြောင်း သိရသည်။

Journal Download

Photo of three cats