ရွှေလီတွင် ကိုဗစ်ရောဂါပိုးထပ်မံမတွေ့ရှိရတော့သည့်အတွက် Lockdown ချထားခြင်းကို ပြန်လည်ဖွင့်လှစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွှေလီတွင် ကိုဗစ်ရောဂါပိုးထပ်မံမတွေ့ရှိရတော့သည့်အတွက် Lockdown ချထားခြင်းကို ပြန်လည်ဖွင့်လှစ်

မင်းဇော်မင်း

.

တရုတ်နိုင်ငံရွှေလီမြို့တွင် ကိုဗစ်ရောဂါပိုးစစ်ဆေးမှု၌ ပိုးရှိသူထပ်မံတွေ့ရှိခြင်းမရှိတော့သဖြင့် ၇ ရက်ကြာ Lockdown ချထားခြင်းအား စက်တင်ဘာလ ၂၁ ရက် ည ၁ဝနာရီက ပြန်လည်ဖွင့်လှစ်လိုက်ကြောင်းသိရသည်။

.

.

မြန်မာနိုင်ငံမှ တရားမဝင်ရောက်ရှိနေသူ ၂ ဦးထံမှ ကိုဗစ်ရောဂါပိုးတွေ့ရှိရမှုကြောင့် စက်တင်ဘာလ  ၁၅ ရက်မှ စတင်ကာ ရွှေလီတစ်မြို့လုံးကို ၇ ရက်တာ Lockdown ချထားခဲ့ခြင်းဖြစ်ပြီး ထိုကာလအတွင်း ရွှေလီမြို့ပေါ်ရှိ မြို့လုံးကျွတ် (အိမ်ရှင်/ဧည့်သည်)စုစုပေါင်း ၂၈၇၂၅၄ ဦးကို COVID-19 အခမဲ့ စစ်ဆေးပေးခဲ့ကြောင်း စက်တင်ဘာ ၂၁ ရက် ကပြုလုပ်သည့် ရွှေလီမြို့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်း ချုပ်ရေး သတင်းစာရှင်းလင်းပွဲအရ သိရှိရသည်။

.

“တစ်မြို့လုံးပျော်ကြလွန်းလို့ မီးရှုးမီးပန်းတွေ လွှတ်တဲ့သူက လွှတ်ကြတဲ့အပြင် လမ်းပေါ်ထွက်လာတဲ့သူတွေလည်း အများကြီးပဲ။ ရောဂါကင်းကြောင်းသိကြရလို့ အားလုံးစိတ်ချမ်းသာကြရတယ်” ဟု ရွှေလီမြို့ အခြေစိုက် မိုးမခ လူမှုကူညီရေးအသင်းမှ ဒေါ်မိုးမခ က ပြောသည်။

.

ကြေညာချက်ထုတ်ပြန်ရာတွင်လည်း ရွှေလီမြို့အတွင်း သွားလာ၊ ပိတ်ဆို့ကန့်သတ်ခြင်းများအပေါ် စက်တင်ဘာလ၂၁ ရက် ည ၁ဝ နာရီမှစ၍ ပယ်ဖျက်၊ ဖြည််လျှော့လိုက်ပြီဖြစ်ကြောင်း၊ သို့သော်လူစုလူဝေးဖြစ်သည့် ရုပ်ရှင်ရုံ၊ ဘား၊ နိုက်ကလပ်နှင့် ရေချိုး၊ အနှိပ်ခန်းများ စသည်များကို ဆက်ပိတ်ထားရန်၊ စာသင်ကျောင်းများများ သတ်မှတ်စည်းကမ်း နှင့် အညီ တစ်ဆင့်ချင်းပြန်ဖွင့်ရန်၊ အခြားဝန်ဆောင်လုပ်ငန်းများ သတ်မှတ်စည်းကမ်းနှင့်အညီဖွင့်ရန်တို့ပါရှိကြောင်း သိရသည်။

.

ရွှေလီမြို့မှ စက်တင်ဘာ ၂၁ ရက် ည ၁ဝ နာရီနောက်ပိုင်း ထွက်ခွာသူတိုင်း ကိုဗစ်ရောဂါကင်းရှင်းကြောင်း တစ်ပတ် အတွင်း စစ်ဆေးထားသည့် လက်မှတ်လိုအပ်မည်ဖြစ်ပြီး ရွှေလီမြို့သို့လာရောက်သူတိုင်း သတ်မှတ် ကျန်းမာရေး လက်မှတ် ပြနိုင်ရမည်ဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် COVID-19 လူနာ တည်းခိုခဲ့သည့် တိုက်ခန်းတွဲရပ်ကွက်နှင့် ဆက်စပ်သူ လူဦးရေ တစ်ထောင်ကျော်မှာမူ Home Quarantine ဆက်လက်နေရမည်ဖြစ်ပြီး ဒုတိယအကြိမ်ထပ်မံစစ်ဆေးပြီး အားလုံးကင်းရှင်းမှသာလျှင် စက်တင်ဘာ ၂၆ ရက်၌ ထပ်မံ ဖြည်လျှော့ပေးမည်ဖြစ်သည်ဟု သိရသည်။

.

ရွှေလီမြို့ Lockdown ချထားသဖြင့် ဝင်ရောက်ခွင့် မရသ၍ စောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံမှ ပို့ကုန်တင် မော်တော်ယာဉ် စီးရေ ၃၀၀ ကျော်မှာ ယနေ့စက်တင်ဘာလ ၂၂ ရက် နံနက် ၆ နာရီမှစတင်၍ ဝင်ရောက်ခွင့်အတွက် စီစဉ်နေပြီဖြစ်ကြောင်း မူဆယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ထံက သိရှိရသည်။

.

Journal Download

Photo of three cats