စိုင်းမျိုးမြတ်
.
မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးအဆုံးအဖြတ် ပွဲစဉ်တွေထဲက တစ်ခုဖြစ်တဲ့
အောက်တိုဘာလ ၁ ရက်မှာ ကျင်းပမယ့် ရှမ်းယူနိုက်တက် ဘောလုံးအသင်းနဲ့ ရတနာပုံ ဘောလုံးအသင်းတို့ရဲ့
ဘောလုံးပွဲစဉ် ယှဉ်ပြိုင်မှုတွေကို မြန်မာ့ရုပ်မြင် သံကြား (MRTV) နဲ့ MRTV Sports ရုပ်သံလိုင်းတွေကနေ တိုက်ရိုက်ထုတ်လွှင့်
တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
.
![]() |
ဓါတ်ပုံ - ရှမ်းယူနိက်တက် ရရှိခဲ့သည့်ဆုဖလားများအားတွ့ရစဉ်
.
ယခုနှစ် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကြီးဟာ COVID-19 အခက်အခဲကြားကနေ ယဉ်ပြိုင်ကစားခဲ့ကြရာကနေ
မနက်ဖြန်မှာတော့ နောက်ဆုံး ပွဲစဉ်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
.
ရင်ခုန်စရာ စိတ်လှုပ်ရှားမှုတွေနဲ့အတူ
မနက်ဖြန်နောက်ဆုံးပွဲစဉ်မှာတော့ ချန်ပီယံဆုအတွက် ရေပန်းစားနေတဲ့ လက်ရှိချန်ပီယံဖြစ်တဲ့
ရှမ်းယူနိုက်တက်၊ ဟံသာဝတီ ယူနိုက်တက်နဲ့ ဧရာဝတီ ယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားသွားဖို့
ရှိနေပါတယ်။
.
လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်းကတော့ ကျန် ၂ သင်းထက်
နှာတစ်ဖြားသာလို့နေပါတယ်။ လက်ရှိ အမှတ်ပေးဇယား အရလည်း ရှမ်းယူနိုက်တက်ဟာ ရမှတ် ၄၁
မှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး၊ ဟံသာဝတီ အသင်းက ၄၀ မှတ်နဲ့ ဧရာဝတီအသင်းကတော့ ၃၉
မှတ် ရရှိထားပါတယ်။
.
မနက်ဖြန်ပွဲစဉ်မှာလည်း ရှမ်းယူနိုက်တက် အသင်းဟာ အဆင့် ၅ နေရာက ရတနာပုံ
အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပြီးတော့ ဧရာဝတီနဲ့ ဟံသာဝတီကတော့ ထိပ်တိုက်တွေ့ဆုံကာ
သူနိုင်ကိုယ်နိုင် အပြိုင်ကျဲရမယ့် ပွဲစဉ်ပါ။
.
ဒါကြောင့်လည်း လက်ရှိ အမှတ်ပေးဇယား ရပ်တည်မှု၊
မနက်ဖြန်တွေ့ရမယ့် ပြိုင်ဘက် ခြေစွမ်း၊ ကစားသမားစုဖွဲ့မှု အနေအထားဟာ
အကုန်ခြုံကြည့်ရမယ် ဆိုရင် ရှမ်းယူနိုက်အသင်းဟာ
ဗိုလ်စွဲဖို့ အခွင့်အရေး အများဆုံး အနေအထား ဖြစ်ပါတယ်။
.
သို့သော်လည်း ဘောလုံးဆိုတဲ့ အားကစားဟာ ပွဲသိမ်းခရာ
မမှုတ်မချင်း ဘာမဆိုဖြစ်နိုင်တာကြောင့် မထင်မှတ်ဘဲ မမျှော်လင့်တဲ့ ရလဒ်တွေ
ဖြစ်ခဲ့ကြတာလည်း ဒုနဲ့ဒေးပါ။
.
လက်ရှိ ရှမ်းယူနိုက်တက် အသင်းရဲ့ ကစားသမားစုဖွဲ့မှုအရ
နောက်တန်းတစ်ခုလုံးဟာ မြန်မာနေရှင်နယ်လိဂ်မှာ အတောင့်တင်းဆုံး နောက်တန်းကစားသမား
ဖြစ်တဲ့ ဟိန်းသီဟဇော်နဲ့ ဟိန်းဖြိုးဝင်းတို့ ပြန်ပါလာဖွယ် ရှိပါတယ်။
.
အဓိက နောက်တန်းတွေ ဖြစ်တဲ့ ဒေးဗစ်ထန်းနဲ့ နန္ဒကျော်ဟာလည်း
ခံစစ်စွမ်းဆောင်ရည် အကောင်းဆုံးပုံစံ ဖြစ်သလို တိုက်စစ်ကိုလည်း ပုံဖော်နိုင်တဲ့
ကစားသမားတွေပါ။
.
ဒါအပြင် နိုင်ငံခြား တိုက်စစ်ကစားသမားတွေ ဖြစ်တဲ့
အဘူဘာကာနဲ့ မက်ဆီမန်တို့ဟာလည်း အကောင်းဆုံးပုံစံ ရရှိနေပါတယ်။
.
ရတနာပုံကတော့ အောင်သူပြန်ပါလာရင် ရှမ်းတို့အတွက်
ခက်ခဲနိုင်ပါတယ်။
.
ဘောလုံးမှာ ဘာမဆိုဖြစ်သွားနိုင်တဲ့ အနေအထားမှာ ရှမ်းယူနိုက်တက်အတွက်
အသာရနေသော်လည်း ဖိအားများ နိုင်တဲ့ အားနည်းချက်တော့ရှိပါတယ်။
.
ရတနာပုံကတော့ လက်ရှိ အဆင့် ၅ နေရာဖြစ်လို့
သက်တောင့်သက်သာနဲ့ ကစားရမှာ ဖြစ်ပေမယ့် အသင်းကြီး ဖြစ်တာကြောင့် ဂုဏ်သိက္ခာအရ
အကြိတ်အနယ် ခြေကုန်ထုတ်မှာလည်း အသေအချာပဲ ဖြစ်ပါတယ်။
.
ပထအကျော့ တွေ့ဆုံမှုအရတော့ ရှမ်းယူနိုက်တက်ဟာ ရတနာပုံ
အိမ်ကွင်းမှာ ၃ ဂိုး ၁ ဂိုးဆိုတဲ့
ဂိုးပြတ် အနိုင်ရထား ပါတယ်။
.
ရှမ်းတို့အတွက် အနိုင်ရခဲ့ရင်တော့ ထပ်ဆင့် ချန်ပီယံအဖြစ်
ဗိုလ်စွဲရမှာ ဖြစ်ပြီး သရေ (သို့) အရှုံးဖြစ်ခဲ့ရင်တော့ အောက်က ဧရာဝတီနဲ့ ဟံသာဝတီ
ထဲက အနိုင်ရတဲ့အသင်း ရလဒ်ကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
.
ရှမ်းယူနိုက်တက်က သရေကျခဲ့ပြီး ဧရာဝတီ နဲ့ ဟံသာဝတီပွဲလည်း
သရေကျခဲ့ရင်တော့ ရှမ်းအတွက် သာသာယာယာ ဗိုလ်စွဲနိုင်ပေမဲ့လည်း ဧရာဝတီကသာ ဟံသာဝတီကို
နိုင်ခဲ့ရင်တော့ ရှမ်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက် ဆုံးဖြတ်ရမှာ ဖြစ်လို့
ရင်မောစရာလေးတွေ ဖြစ်နိုင်ပါတယ်။
.
ဘယ်လိုပဲဖြစ်စေ ရှမ်းအသင်းအနေနဲ့ လက်ရှိချန်ပီယံ
ဂုဏ်သိက္ခာအရ အောက် ၂ သင်း ရလဒ်ကို ထည့်မတွက်ထားဘဲ အနိုင်ကစားရမှာ ဖြစ်ပါတယ်။
.
လက်ရှိ COVID-19
ထိန်းချုပ်မှု အခြေအနေအရ ရှမ်းပြည်သားတွေအနေနဲ့ ကွင်းထဲကြည့်ရှုဖို့
မဖြစ်နိုင်ပေမဲ့ MRTV နဲ့ MRTV Sport Channel က
တိုက်ရိုက် ထုတ်လွှင့်မှာ ဖြစ်လို့ စောင့်မျှော်ကြည့်ရှုရင်း ရှမ်းယူနိုက်တက်အသင်း
တတိယအကြိမ် အဖြစ် ၂ နှစ်ဆက် မြန်မာနေရှင်နယ်လိဂ် ဆုဖလားကြီး ကိုင်မြှောက်နိုင်ဖို့
အားပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
.