ကျိုင်းတုံတွင် စော်ဘွားကြီး စဝ်မဟာခနန် ကိုယ်တစ်ပိုင်းရုပ်တု တင်ပွဲ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံတွင် စော်ဘွားကြီး စဝ်မဟာခနန် ကိုယ်တစ်ပိုင်းရုပ်တု တင်ပွဲ ပြုလုပ်

စိုင်းသိင်္ခသူ

.

စော်ဘွားကြီး စဝ်မဟာခနန်၏ ကိုယ်တစ်ပိုင်းပုံ ရုပ်တုတင်ပွဲကို ကျိုင်းတုံမြို့တွင် စက်တင်ဘာလ ၂၀ ရက်၊ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ကြောင်း ကျိုင်းတုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

.

 


“  စော်ဘွားကြီး စဝ်မဟာခနန်၏ ကိုယ်တစ်ပိုင်းပုံ ရုပ်တုကို ဒီနေ့ တင်တာပါ။” ဟု ရုပ်တု ဖြစ်မြောက်ရေးကော်မတီဥက္ကဌ၊ ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ စော်ဘွားကြီး၏ ကိုယ်တစ်ပိုင်း ရုပ်တုအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အလှူရှင်များက လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး ယင်းရုပ်တုကို မန္တလေး၌ ထုလုပ်ခဲ့ကာ ကျိုင်းတုံမြို့ ပါလျန်မြို့ရိုး အဝင် ဝဲဘက်ခြမ်းတွင် တင်ဆောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

.

“ သက္ကရာဇ် ၁၁၃၄ ကနေ ၁၁၇၅ အထိ စိုးစံ(အုပ်ချုပ်)သွားတဲ့ ဂုံရှမ်းစာဆိုတော် ရှမ်းစော်ဘွားကြီးပါ။ အဲဒီတုန်းက ယိုးဒယား(ထိုင်း)က လာတိုက်ပြီး ပညာရှင်တွေ ဖမ်းခေါ်သွားတာကို ကိုယ်တိုင် ရင်ဆိုင်တိုက်ခိုက်ခဲ့တဲ့ စာဆိုသူရဲကောင်း ဖြစ်ပါတယ်။ ဝေသန္တရာဇာတ်တော်ကြီးကို သူကိုယ်တိုင် ဂူအောင်းပြီး ရေးဖွဲ့ခဲ့တာ၊ ခုထိ သူ အောင်းခဲ့တဲ့ ဂူက လွယ်မွေမှာ ရှိပါသေးတယ်။ သူ့ကို စံထားပြီး ရုပ်တုတည်တာပါ။” ဟု စော်ဘွားကြီးရုပ်တု ဖြစ်မြောက်ရေးကော်မတီ၏ နာယကဖြစ်သူ ဦးစိုင်းဟောင်ခမ်းက ပြောသည်။

.

စော်ဘွားကြီး စဝ်မဟာခနန်ရုပ်တုများကို ကိုယ်တစ်ပိုင်းနှင့် ကိုယ်လုံးပြည့် ၂ ခု ကို အလှူရှင် အသီးသီး၏ လှူဒါန်းငွေ ကျပ်သိန်း ၁၂၀၀ ကျော်ခန့်ဖြင့် အကုန်ကျခံ ထုလုပ်ခြင်း ဖြစ်ကာ မကြာမီ ကာလအတွင်း စော်ဘွားကြီး၏ ကိုယ်လုံးပြည့် ရုပ်တုအား ဝေသန္တရာဇာတ်တော်နှင့် လှူဒါန်းရေစက်ချပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats