ရှမ်းရှေ့တွင် ဆုံဆို့နာ ဖြစ်ပွားသူ များပြားလာသဖြင့် လူနာတွေ့ရှိရာ မြို့နယ်အလိုက် လွှမ်းခြုံ အမီလိုက် ကာကွယ်ဆေး ထိုးနှံပေးနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းရှေ့တွင် ဆုံဆို့နာ ဖြစ်ပွားသူ များပြားလာသဖြင့် လူနာတွေ့ရှိရာ မြို့နယ်အလိုက် လွှမ်းခြုံ အမီလိုက် ကာကွယ်ဆေး ထိုးနှံပေးနေ


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်ရှေ့ပိုင်းရှိ မြို့နယ် ၆ ခုတွင် ဆုံဆို့နာ ဖြစ်ပွားသူ များပြားလာသဖြင့် မြို့နယ်အလိုက် လွှမ်းခြုံ အမီလိုက်ကာကွယ်ဆေး ထိုးနှံခြင်းများကို ပြုလုပ်နေလျက် ရှိကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
.
ဆုံဆို့နာ အတည်ပြုလူနာများမှာ တာချီလိတ်မြို့နယ်တွင် ၅၀ ဦး ၊ မိုင်းခတ်မြို့နယ်တွင် ၄၆ ဦး၊ မိုင်းဆတ်မြို့နယ်တွင် ၃၈ ဦး၊ မိုင်းဖြတ်မြို့နယ်တွင် ၁၂ ဦး၊ မိုင်းတုံမြို့နယ်တွင် ၂၉ ဦးနှင့် ကျိုင်းတုံမြို့နယ်တွင် ၉ ဦး စုစုပေါင်း ၁၈၄ ဦး ရှိကြောင်း ကျိုင်းတုံမြို့ရှိ EOC ၏ စက်တင်ဘာ ၆ ရက် ၊ ညနေပိုင်းအထိ စာရင်းများအရ သိရသည်။
.

အဆိုပါ လူနာများအနက် သက်သာ ပျောက်ကင်းသူ ၁၀၆ ဦး ရှိကာ သေဆုံးသူ ၁၀ ဦး ရှိပြီး သေဆုံးသူများမှာ တာချီလိတ်မြို့နယ်မှ ၆ ဦး၊ မိုင်းခတ်မြို့နယ်များမှ ၂ ဦး၊ မိုင်းဆတ်မြို့နယ်မှ ၂ ဦး ဖြစ်ကြောင်း သိရသည်။
.
မိုင်းတုံမှာ အခု (စက်တင်ဘာ ၆ ရက် ညနေ ၅နာရီ) မှာပဲ လူနာ ၂ ဦး တိုးတယ်၊ အမီလိုက် ကာကွယ်ဆေး ထိုးခြင်းကိုတော့ မိုင်းတုံမြို့မှာ  ၄၈၇ ဦး ထိုးပြီး ကျန် နေရာတွေမှာ အဖွဲတွေ ခွဲပြီး တစ်မြို့နယ်လုံး ရက်အလိုက်နေရာအလိုက် ထိုးနှံနေပါတယ်စုစုပေါင်း ၁၀၀၀၀ ကျော် ရှိပါမယ်။” ဟု မိုင်းတုံမြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ သက်ခိုင်မင်းက ပြောသည်။
.
ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် အမီလိုက် ကာကွယ်ဆေးထိုးနှံ ပြီးစီးသူ ကျိုင်းတုံမြို့နယ်တွင် ၈၃၆ ဦး၊ တာချီလိတ်မြို့နယ်တွင် ၄၄၅၇ ဦး၊ မိုင်းခတ်မြို့နယ်တွင် ၁၁၀၂ ဦး၊ မိုင်းဖြတ်မြို့နယ်တွင် ၂၈၂၆ ဦး၊ မိုင်းဆတ်မြို့နယ်တွင် ၅၀၅၈ ဦးနှင့် မိုင်းတုံမြို့နယ်တွင် ၄၀၄၉ ဦး ရှိကြောင်း သိရသည်။

Journal Download

Photo of three cats