မင်းဇော်မင်း
.
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အုပ်ချုပ်ရေးနယ်မြေဒေသအတွင်း
ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေး ပါတီများအနေဖြင့် ကြိုတင်အကြောင်းကြားပြီးမှသာ
မဲဆွယ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်လိုကြောင်း RCSS က စက်တင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.
“နိုင်ငံရေးပါတီတွေအနေနဲ့
ကိုယ်မဲဆွယ်မယ့် နယ်မြေခံ ဆက်ဆံရေးရုံးကို လူအင်အား၊ သွားရောက်မယ့်
ခရိုင်/မြို့နယ်၊ စတင် စည်းရုံးရေးဆင်းမယ်ဆိုတာကို ကြိုတင်ပေးဖို့လိုပါမယ်။
ပါတီတွေဆင်းချင်တဲ့အချိန်ပါပဲ။ ဆက်ဆံရေးရုံး တွေကနေ သက်ဆိုင်တဲ့ နယ်ခြေခံတပ်တွေကို
ညှိနှိုင်းအကြောင်းကြားပေးပါမယ်” ဟု RCSS ဆက်ဆံရေးနှင့်ပြန်ကြား ရေးရုံးမှ
ဒုတိယဗိုလ်မှူးကြီးအုမ်ခေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် RCSS အနေဖြင့်
ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် ရွေးကောက်ပွဲသည်
မရှိမဖြစ်လိုအပ်သည်ဟု ခံယူထားပြီး ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅
အထွေထွေရွေးကောက်ပွဲ များတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ
ဖြစ်မြောက်ရေးအတွက် တတ်နိုင်သမျှ ဝိုင်းဝန်းကူညီခဲ့ကြောင်း၊ နိုဝင်ဘာလ ၈ ရက်
တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်
တရားဝင်နိုင်ငံရေးပါတီများ သည် RCSS
အုပ်ချုပ်ရေး နယ်မြေဒေသအတွင်း လာရောက်မဲဆွယ်ရာ၌
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်များ၊ အမိန့် နှင့်
ညွှန်ကြားချက်များ၊ ကျင့်ဝတ်နှင့် လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲဥပဒေများ၊ COVID-19 ကပ်ရောဂါဆိုင်ရာ
ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ လွတ်လပ်စွာ မဲဆွယ်ခြင်းများကို
ပြုလုပ်ဆောင်ရွက်နိုင် ကြောင်းနှင့် ထိုသို့ မဲဆွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌
အဆင်ပြေ ချောမွေ့စေရေးအတွက် သက်ဆိုင်ရာ ပါတီ များသည် RCSS ဆက်ဆံရေးရုံးများနှင့်
ဖြစ်စေ၊ ဒေသတွင်းရှိ နယ်မြေခံ အုပ်ချုပ်ရေးတာဝန်ရှိ ပုဂ္ဂိုလ်များနှင့်ဖြစ်စေ
ကြိုတင်ဆက်သွယ်အကြောင်းကြားရန် လိုအပ်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
.
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) ဆက်ဆံရေးရုံကို
တောင်ကြီးမြို့တွင် အခြေစိုက်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်၊
ခိုလမ်မြို့များတွင်လည်းကောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်၊
မိုင်းတုံ မြို့များတွင်လည်းကောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ၊
လားရှိုးမြို့များတွင် လည်းကောင်း ဖွင့်လှစ်ထားကြောင်း သိရသည်။
.
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) သည် ပြီးခဲ့သည့်
၂၀၁၅ ခုနှစ်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက်က အစိုးရနှင့် တစ်နိုင်ငံလုံး
ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များအနက်
တစ်ဖွဲ့အပါအဝင်ဖြစ်ပြီး ဌာနချုပ်ကို ထိုင်း-မြန်မာနယ်စပ် လွယ်တိုင်းလျန်တွင်
ဖွင့်လှစ်ထားကြောင်း သိရသည်။
.