လားရှိုးမြို့နယ်အတွင်း၌ စည်းကမ်းမဲ့ ဝက်သေများ စွန့်ပစ်နေသဖြင့် ကျန်းမာရေး လမ်းညွှန်ချက်များနှင့် မြေမြုပ်ရေး အသိပေးနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့နယ်အတွင်း၌ စည်းကမ်းမဲ့ ဝက်သေများ စွန့်ပစ်နေသဖြင့် ကျန်းမာရေး လမ်းညွှန်ချက်များနှင့် မြေမြုပ်ရေး အသိပေးနေ

မင်းဇော်မင်း

.

လားရှိုးမြို့နယ်အတွင်း စည်းကမ်းမဲ့ ဝက်သေကောင်များ စွန့်ပစ်မှု ရှိနေသည့်အတွက် ကျန်းမာရေး လမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ မြေမြုပ် စွန့်ပစ်ရေး အသိပညာပေးမှုကို ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း လားရှိုးမြို့နယ် တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

.

(ဓါတ်ပုံ - တိမွေးကု)

လားရှိုးမြို့၊ ဟူးမွန်ဆည်သွားလမ်းပေါ် ဂျန်မိုင်ရွာအနီးတွင် စက်တင်ဘာလ ၂၀ ရက်က ဝက်သေကောင် စွန့်ပစ်မှုကို တွေ့ရှိရမှုနှင့် ပတ်သက်၍ ဝက်မွေးမြူသူများ အနေဖြင့် ဝက်သေများအား စနစ်တကျ မြေမြုပ် စွန့်ပစ်နိုင်ရေးအတွက် ကွင်းဆင်း သတင်းရယူ ဆောင်ရွက်နေကြောင်း တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်ထံမှ သိရသည်။

.

သြဂုတ် လကုန်နဲ့ ဒီ (စက်တင်ဘာ) လဆန်းပိုင်းမှာ ဝက်အကောင် ၁၀၀ ကျော်လောက် သေတယ်၊ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူတာကြတော့ ဝက်သေသား မရောင်း/မစားကြဖို့နဲ့ စနစ်တကျ မြေမြုပ် စွန့်ပစ်ရေးကို ကျေးရွာ အုပ်ချုပ်ရေးပိုင်းနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေပါတယ်ဒါပေမဲ့ တချို့ကတော့ စည်းကမ်းမဲ့ စွန့်ပစ်နေတုန်း ဖြစ်လို့ အသိပညာ ပေးမှုတွေ ကွင်းဆင်း ဆောင်ရွက်နေပါတယ်။” ဟု ဒေါက်တာ သန်းနိုင်က ပြောသည်။

.

လားရှိုးမြို့နယ် တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အနေဖြင့် ဟူးမွန်၊ ဟိုပိတ်နှင့် အနီးဝန်းကျင် ကျေးရွာများသို့ ဝက်သေသတင်းများ ရယူရန် ကျေးရွာအုပ်ချုပ်ရေးပိုင်းနှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် လိုင်စင်မဲ့ သားသတ် ရောင်းဝယ်မှုများ မပြုလုပ်ကြရန်၊ ရောဂါ ကင်းရှင်းသည့် ဝက်များကိုသာ ရောင်းချသည့် တရားဝင် လိုင်စင်ဆိုင်များမှသာ ဝယ်ယူစားသုံးကြရန် တိုက်တွန်းနှိုးဆော်လျက် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

.

လားရှိုးမြို့နယ်ရှိ အေတီချောင်းအတွင်းသို့ ဝက်သေကောင်အချို့ စွန့်ပစ်မှုများ ရှိနေသဖြင့် ဝက်သေကောင်၏ အနံ့ဆိုးများ ပတ်ဝန်းကျင်တွင် ပျံ့လွင့်နေသဖြင့် ဝက်သေများကို မြေမြုပ် စွန့်ပစ်ရေး ထိထိရောက်ရောက် လုပ်ဆောင်ရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

.

Journal Download

Photo of three cats