တောင်လေးလုံး၌ ကျန်းမာရေး စစ်ဆေးရန် ဆိုင်ကယ်အား ရပ်တန့်စေသည်ကို မလိုက်နာဘဲ မောင်းနှင် ထွက်ပြေးမှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်လေးလုံး၌ ကျန်းမာရေး စစ်ဆေးရန် ဆိုင်ကယ်အား ရပ်တန့်စေသည်ကို မလိုက်နာဘဲ မောင်းနှင် ထွက်ပြေးမှု ဖြစ်ပွား


စုလှိုင်
.
တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာရှိ COVID-19 ကျန်းမာရေး စစ်ဆေးဂိတ်တွင် စက်တင်ဘာလ ၁၆ ရက် ညနေပိုင်းက တာဝန်ကျ ယာဉ်ထိန်းရဲမှ လူငယ်စုံတွဲ ၂ ဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ် တစ်စီးအား ကျန်းမာရေး စစ်ဆေးမှု ခံယူရန် ရပ်တန့်ခိုင်းရာ လိုက်နာခြင်း မရှိဘဲ ထွက်ပြေး မောင်းနှင်သွားခဲ့ကြောင်း သိရသည်။
.
“ စိစစ်နေတုန်းပဲ ရှိပါသေးတယ်။ မောင်းပြေးတာလို့ သတင်းပို့ထားတယ်။ တွန်းတာ၊ တိုက်တာမျိုးတော့ မဟုတ်ဘူးလို့ သိရပါတယ်။ မောင်းပြေးတဲ့သူကိုလည်း မဖမ်းမိသေးပါဘူး။” ဟု အမှတ်(၁၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ တောင်လေးလုံး ကျန်းမာရေးစစ်ဆေးရေးဂိတ်မှ စေတနာ့ဝန်ထမ်း ကိုမိုးအား ဆက်သွယ် မေးမြန်းရာတွင် “ ယာဉ်ထိန်းကို တွန်းပြီး မောင်းသွားလိုက်တာပါ။ ယာဉ်ထိန်းက ဆိုင်ကယ်ကို တားတာကို မရပ်ဘဲနဲ့ ယဉ်ထိန်းကို တွန်းပြီးတော့မှ ဆိုင်ကယ်ရဲ့ ရှေ့ဘက်ကို ရောက်ပြီး လဲသွားတာ။ ဒါက ရိုင်းစိုင်းတယ်လို့ ပြောရမှာ၊ ယာဉ်ကို စစ်တာလည်း မဟုတ်ဘူး၊ ဦးထုပ် စစ်တာလည်း မဟုတ်ဘူး။ ကျန်းမာရေး စစ်ဆေးဖို့ တားတာကို အဲလိုမျိုး ဖြစ်သွားတာပါ။ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အပြင် လပြည့်၊ လကွယ် ရက်များတွင် ဟဲဟိုးဆည်(အင်းခေါင်းဆည် )အား အလည်သွားကြသည့် လူငယ်များအား တောင်လေးလုံး ကျန်းမာရေး စစ်ဆေးရေးဂိတ်၌ ပညာပေး၍ ပြန်လွှတ်​ပေးစဉ် ကျန်းမာရေး စစ်ဆေးခြင်း၊ နေထိုင်ကြောင်း ထောက်ခံစာ စစ်ဆေးခြင်းအား အချို့လူငယ်များက လက်မခံသည့်အပြင် မချေမငံ ပြောဆို ဆက်ဆံမှုများလည်း ရှိနေကြောင်း ကိုမိုးထံမှ သိရသည်။
.
ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သည့် တောင်ကြီးမြို့၏ အဓိက ဝင်/ထွက်နေရာများ ဖြစ်သည့် တောင်လေးလုံး ကျေးရွာနှင့် တောင်ကြီး-ဟိုပုံး ပြည်ထောင်စုလမ်းပေါ်ရှိ တိုးဂိတ်အနီးတို့တွင် COVID-19 ကျန်းမာရေး စစ်ဆေးဂိတ်များ ဖွင့်လှစ်၍ ဖြတ်သန်း သွားလာသူများအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခရီးသွားရာဇဝင် စိစစ်ခြင်း၊ နေထိုင်ကြောင်း ထောက်ခံချက် စိစစ်ခြင်းများကို ပြုလုပ်လျက် ရှိသည်။
.

Journal Download

Photo of three cats