တောင်ကြီးမြို့နယ်မှ ထွက်ရှိသည့် ကြက်သွန်နီများ ဝယ်လိုအားမရှိသဖြင့် တောင်သူများ အခက်တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နယ်မှ ထွက်ရှိသည့် ကြက်သွန်နီများ ဝယ်လိုအားမရှိသဖြင့် တောင်သူများ အခက်တွေ့

မင်းမင်း

.

COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း တောင်ကြီးမြို့နယ်အတွင်းမှ စိုက်ပျိုးထွက်ရှိသည့် ကြက်သွန်နီများ ဝယ်ယူသူမရှိသည့်အပြင် ဈေးနှုန်း လျော့ကျလာသည့်အတွက် ဈေးကွက်ပျောက်သည့် အနေအထား မျိုးနှင့် ကြုံတွေ့နေရပြီး တောင်သူများ အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။

.

.

"မနှစ်ကဒီအချိန် ကြက်သွန်နီ တစ်ပိဿာကို ၃၀၀၀ ပေါက်စျေးရှိတယ်။ အခုနှစ်တော့ တစ်ပိဿာကို ၃၅၀ နဲ့ ၄၀၀ လောက်ပဲ ရှိတော့တယ်။ ဒီနှစ်က ပိုအထွက်တိုးတယ်။ ဒါပေမဲ့ COVID-19 ရောဂါဖြစ်နေတဲ့အချိန်ဆိုတော့ ပြည်တွင်းရော ပြည်ပရော စျေးကွက်ထဲမှာ ကြက်သွန်အဝယ်မလိုက်ဘူး။ ဈေးကလည်းကျ ၊အဝယ်ကုန်သည်လည်း မရှိ၊ စားသုံးသူပဲ အဝယ်ရှိတော့ စျေးကွက်ပျောက်တဲ့ အခြေနေရောက်ပြီ။ ကြက်သွန် အဓိကစိုက်တဲ့ တောင်သူတွေ အကုန် စီးပွားရေးအခက်ခဲတွေဖြစ်ကုန်တာပါ” ဟု တောင်ကြီးမြို့နယ်၊ ဘန့်ကွေးကျေးရွာအုပ်စု၊ ကုန်းညွှန့်ကျေးရွာနေ ကြက်သွန်နီ ကုန်သည် ကိုသက်ဖြိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

တောင်ကြီးမြို့နယ် ဒေသထွက်ကုန်ဖြစ်သည့် ကြက်သွန်နီများကို ပြည်တွင်း ဈေးကွဥ်အပြင် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်း အစရှိသည့် ပြည်ပစျေးကွက်အထိ တင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း သိရ​သည်။

.

"ခါတိုင်းနှစ်တွေမှာလည်း စျေးနှုန်းအတက်အကျတွေ၊ အထွက်မ​ကောင်းတာတွေ၊ သဘာဝဘေးအန္တရာယ် ကြောင့် စိုက်ခင်းပျက်တာတွေ ကြုံဖူးတယ်။ အခုနှစ်လို စျေးကွက်​ပျောက်တဲ့အနေထားမျိုး မဖြစ်ဖူးဘူး။ ကျွန်တော်တို့ ကြက်သွန်နီစိုက်တဲ့ တောင်သူတွေက ပြည်တွင်းစားသုံးသူတွေကို အဓိကအားထား ရောင်းပြီး မိသားစု စားဝတ် နေရေးကို ဖြေရှင်းနေရတာ။ ကုန်သည်တွေက တစ်ခါတစ်လေ ဈေးနှိမ်တယ်။ သူတို့ကနေတစ်ဆင့် ပြည်တွင်း/ ပြည်ပစျေးကွက်ထဲရောက်တာ။ အခုလို ကပ်ရောဂါဖြစ်ပြီး ပြည်တွင်းပြည်ပ ဝယ်ယူသူမရှိတဲ့အချိန်မှာ ဈေးက တအားထိုးကျသွားတော့ တောင်သူတွေက ပိုပြီး နစ်နာဆုံးရှုံးနေရတယ်"ဟု ကြက်သွန်နီစိုက် တောင်သူတစ်ဦး ကလည်း ပြောဆိုခဲ့သည်။

.

ကြက်သွန်စိုက်တောင်သူများ အနေဖြင့် ကြက်သွန်နီ စိုက်ပျိုးရာတွင် ကုန်ကျစရိတ်မှာ တစ်ပိဿာလျှင် ၃၀၀ ကျပ်မှ ၃၅၀ ကျပ်အထိရှိပြီး ပထမ အကြိမ် ကိုဗစ်ကာလဖြစ်ပွားသည့်ကာလအတွင်း အခြား သီးနှံစိုက်ပျိုးသည့် တောင်သူများထံမှ နိုင်ငံတော် အစိုးရအပါအဝင် ပြည်တွင်းအလှူရှင်များမှ ၎င်းတို့သီးနှံများ ဝယ်ယူကာ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ လှူဒါန်းပေးသကဲ့သို့ လက်ရှိ ကူးစက်ရောဂါ ဒုတိယလှိုင်း ကာလအတွင်း၌လည်း ယခင် ကဲ့သို့ ဝယ်ယူလှူဒါန်းမှုများပြုလုပ်ပေးစေလိုသည်ဟု ဒေသတွင်းရှိ ကြက်သွန်နီစိုက်တောင်သူများထံက သိရသည်။

.

အလားတူ ကမ္ဘာတစ်ဝှမ်း ကူးစက်ပြန့်ပွားလျက်ရှိသည့် COVID-19 ရောဂါအား မြန်မာနိုင်ငံအတွင်း ကူးစက်ခံရသူ စတင်တွေ့ရှိပြီး ရှမ်းပြည်နယ်အတွင်း၌ ကူးစက်ခံရသူ တွေ့ရှိချိန်၌ ဒေသတွင်းမှ ဂေါ်ဖီ၊ ခရမ်းချဉ်၊ အားလူး အစရှိသည့် စားသုံးကုန်သီးနှံများ စိုက်ပျိုးသည့် တောင်သူများအနေဖြင့် ဒေသတွင်းမှ စားသုံးသူများအပါအဝင် ပြည်တွင်းပြည်ပ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချနိုင်ခြင်းမရှိသည့်အတွက် ပြည်နယ် အစိုးရအဖွဲ့နှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ဒေသထွက် သီးနှံများကို ဝယ်ယူပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ အခြေခံလူတန်းစားအား ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။

.

Journal Download

Photo of three cats