ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တောင်ပိုင်း၊ လုံကန်ကျေးရွာတွင် ဝက်သေဆုံးမှုများ ရှိနေဆဲဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တောင်ပိုင်း၊ လုံကန်ကျေးရွာတွင် ဝက်သေဆုံးမှုများ ရှိနေဆဲဖြစ်

မင်းဇော်မင်း

.

ညောင်ရွှေမြို့နယ်အတွင်း အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်နှင့် ဝက်ထွက်ပစ္စည်းများ တင်ပို့သယ်ဆောင် ရောင်းချမှုများကို ကန့်သတ်ထားရာမှ စက်တင်ဘာလ ၁၆ ရက်တွင် ပြန်လည်ရုပ်သိမ်းခဲ့ပြီးဖြစ်သော်လည်း ယနေ့ စက်တင်ဘာလ ၁၈ ရက်၊ နံနက်ပိုင်းအထိ အင်းတောင်ပိုင်း၊ လုံကန်ကျေးရွာအုပ်စု၊ လုံကန်ကျေးရွာတွင် ဝက်သေဆုံးမှု များ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

.

.

“ဒီမနက်တင် အကြီးဆုံးဝက်မကြီး သေပါတယ်။ မွေးတာ အကောင် ၂၀ မှာ ဒါ နောက်ဆုံးအကောင်ပါ။ တစ်လအတွင်း အကုန်သေပါတယ်။ ကျန်းမာရေးဌာနက လာတော့ပြောပြတယ်။ ဒါပေမဲ့ သေတာက မရပ်ဘူး၊ သေနေကြတာပဲ” ဟု လုံကန်ကျေးရွာနေ ဝက်မွေးမြူသူ ဦးချိုကြီးက ပြောသည်။

.

ထို့အတူ လုံကန်ကျေးရွာနေ ဒေါ်နှင်းဝေ ကလည်း “အခုပဲ ဝက်မကြီး သေတယ်။ ကျန်တဲ့ကောင်တွေလည်း မကြာဘူး။ နာရီပိုင်းအတွင်း သေဖို့ နီးနေပါပြီ။ ကျွန်မတို့က မွေးမြူရေးကလွဲပြီဂ ဘာမှမလုပ်တတ်တဲ့အပြင် အခုလို ဝက်တွေ အားလုံး သေဆုံးကုန်တော့ စီးပွားရေးထိခိုက်ပါပြီ။ တတ်နိုင်သမျှ ပြန်လည်လုပ်ဆောင်ပေးဖို့ သက်ဆိုင်ရာတွေကို ပြောချင်ပါတယ်” ဟု ပြောဆိုခဲ့သည်။

.

လုံကန်ကျေးရွာတွင် ဝက်သေဆုံးမှု ခန့်မှန်းခြေ ကောင်ရေ ၅၀၀ ကျော်မှ ၁၀၀၀ ခန့်အထိ ရှိနိုင်ကာ တစ်အိမ် လျှင် အနည်းဆုံး ဝက် ၃/၄ ကောင် မွေးမြူကြသဖြင့် အားလုံး စီးပွားရေး ထိခိုက်နေကြကြောင်း ဒေသခံများထံက သိရသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ ညောင်ရွှေမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်မင်းထွန်းက “ကျွန်တော်တို့ အဲဒီရွာကို ၃ ခေါက်တောင် ရောက်ပါတယ်။ လိုအပ်တဲ့ ကာကွယ်ထိန်းချုပ်မှုကိစ္စတွေကို လုပ်ဆောင်ပေး ခဲ့ပါတယ်။ အခုလည်း ကျေးရွာကို ဆက်သွယ်ပြီး အမြန်ဆုံး စစ်ဆေးဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟုပြောသည်။

.

ညောင်ရွှေမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အနေဖြင့် အဆိုပါလုံကန်ရွာသို့ ၂၀၂ဝ ပြည့်နှစ်၊ ဇူလိုင်လ ၇ ရက်၊ သြဂုတ်လ ၂၄ ရက်၊ စက်တင်ဘာလ ၉ ရက်တို့တွင် ၃ ကြိမ်တိုင်ရောက်ရှိကာ ရွာလူထုနှင့်တွေ့ဆုံပြီး အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲသည်ဟု ၎င်းထံက သိရသည်။

.

ညောင်ရွှေမြို့နယ်အတွင်း ပြီးခဲ့သည့် ၂၀၂ဝ ပြည့်နှစ်၊ ဇွန်လက အာဖရိကဝက်အပြင်းဖျားရောဂါကြောင့်ကျေးရွာ ၁၇ ရွာရှိ မွေးမြူရေးဝက်ကောင်ရေ ၄၉၈ ကောင် သေဆုံးခဲ့ရသဖြင့် ညောင်ရွှေမြို့နယ်နှင့်ဆက်စပ်နေသည့် မြို့နယ် ၁ဝ ခုမှ ဝက်နှင့် ဝက်ထွက်ပစ္စည်းများရွှေ့ပြောင်းသယ်ဆောင်မှုများကို ၂၀၂ဝပြည့်နှစ်၊ ဇွန်လ ၁ ရက်မှစ၍ ထိန်းချုပ်ခြင်းများ ပြုလုပ်ခဲ့ရာ စောင့် ကြည့်ကာလ ၃ လ ကာလအတွင်း ဝက်မွေးခြံများနှင့်ပတ်ဝန်းကျင်သန့်စင်ခြင်း၊ ရောဂါ စူးစမ်းထောက်လှမ်းခြင်း၊ ပြည်သူလူထု အသိပညာပေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ခြင်း၊ သတင်းရယူခြင်း/ ပေးပို့ခြင်း၊ မွေးမြူရေးလုပ် ကိုင်သူများ၊သားသတ်ရုံများ၊ ဇီဝလုံခြုံမှုမြှင့်တင်ခြင်းလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် လုပ်ဆောင်နေခဲ့ရာ ရောဂါထပ်မံဖြစ် ပွားမှု မတွေ့ရှိရသဖြင့် ကန့်သတ်တားမြစ်ချက်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စက်တင်ဘာ ၁၅ ရက်စွဲပါ စာဖြင့်လည်း ကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ စက်တင်ဘာ ၁၄ ရက်စွဲပါ စာဖြင့်လည်းကောင်း ပြန်လည်ရုတ်သိမ်းလိုက်သော် လည်း ယခုကျေးရွာတွင် ဝက်များဆက်လက်သေဆုံးနေခြင်း ကြောင့် ရွာလူထုမှ သက်ဆိုင်ရာများ လိုအပ်သလို ဆောင်ရွက် ပေးနိုင်ရန် တင်ပြရခြင်းဖြစ်ကြောင်းသိရသည်။

.

ညောင်ရွှေမြို့နယ်၊ လုံကန်ကျေးရွာအုပ်စု၊ လုံကန်ကျေးရွာသည် အရှေ့ဖက်ကမ်းစံကားကျေးရွာ၏ အနောက်ဖက် အင်းလေးကန်အနောက်ဖက်ကမ်းတွင် တည်ရှိကာ အိမ်ခြေ ၁၆၀ ကျော် ရှိပြီး ကယားပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats