ခွန်အောင် (နောင်တရား)
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊
နောင်တရားဒေသရှိ ဥယျာဉ်ခြံများတွင် ကုန်စိမ်းသီးနှံများ ဖြစ်သည့် ခရမ်းချဉ်သီးများ
သီးညှပ်စိုက်ပျိုးခြင်းများ ပြုလုပ်လာကြကြောင်း သိရသည်။
.
.နောင်တရားဒေသ၌ ဥယျာဉ်ခြံများဖြစ်သည့် သစ်တော်သီးပင်၊
ထောပတ်ပင်ကြားတွင် ကုန်စိမ်းသီးနှံများဖြစ်သည့် ခရမ်းချဉ်သီး၊ ရွှေပဲသီးနှင့်
အခြားသီးနှံများကို ကြားညှပ် စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။
.
“ဥယျာဉ်ခြံဖြစ်တဲ့ သစ်တော်သီး၊ ထောပတ်သီးတို့က
တစ်နှစ်မှာတစ်ကြိမ် သီးတဲ့အတွက် ဝင်ငွေတစ်ခါပဲရတယ်။ အခုလို ကုန်စိမ်းသီးနှံဖြစ်တဲ့
ခရမ်းချဉ်သီး ကြားညှပ်စိုက်ပျိုးလိုက်တော့ ၂ သီးစားဖြစ်သွားတာပေါ့။ ဥယျာဉ်ခြံ အတွက်လည်း
မြေဩဇာထည့်ပြီးသားဖြစ်သွားတော့ သစ်တော်သီးလည်း အပင်ပိုကောင်းလာတယ်။
အသီးလည်းပိုကျန်တာပေါ့” ဟု နောင်တရားဒေသ၊ ထီရီးကရင်ရွာနေ ခရမ်းချဉ်သီး
သီးညှပ်စိုက်ပျိုးသည့် တောင်သူတစ်ဦးကပြောသည်။
.
ထို့အတူ ခရမ်းချဉ်သီး ဝယ်ယူရောင်းချသူတစ်ဦးကလည်း “ခရမ်းချဉ်သီးဈေးက
နည်းနည်းတော့ကျနေပြီ။ အရင်နှစ်ကထက်စာရင်တော့
ဒီနှစ်ခရမ်းချဉ်သီးဈေးအတော်ကောင်းပါတယ်။ အခုတစ်ပိဿာကို ၅၀၀၊ ၁၀၀၀ ကြားရောင်းနေရတော့
အဆင်ပြေပါတယ်” ဟု ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ ဥယျာဉ်ခြံများ၌ စိုက်ပျိုးရေးတောင်သူများ
ကုန်စိမ်းသီးနှံများကို သီးညှပ်စိုက်ပျိုးလာကြသောကြောင့် အကျိုးအမြတ်များ
ပိုမိုရရှိလာကြကြောင်း သိရသည်။
.