ကမ္ဘောဇတိုင်း
.
လွိုင်လင်ခရိုင်၊ နမ့်စန်မြို့တွင် စက်တင်ဘာလ ၂၃ ရက်က သူငယ်ချင်းဖြစ်သူ၏
ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်း ရယူလိုမှု ဖြင့် အသက် ၁၆ နှစ်အရွယ် လူငယ် သူငယ်ချင်း အချင်းချင်း
လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.နမ့်စန်မြို့၊ အမှတ် (၅) ကျေးရွာအုပ်စု၊ အမှတ် (၆) ကျေးရွာနေ
မောင်ပြည့်ဖြိုးသိန်း (၁၆ နှစ်) သည် စက်တင်ဘာလ ၂၃ ရက် နံနက်ပိုင်းက ဆိုင်ကယ်ဖြင့် နေအိမ်မှ
ထွက်ခွာသွားခဲ့ပြီး ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် မိသားစုဝင် များက လိုက်လံရှာဖွေရာ
မောင်ပြည့်ဖြိုးသိန်း၏ ဆိုင်ကယ်အား မောင်ပြည့်ဖြိုးဦး ဆိုသူက နမ့်စန်မြို့၊ အမှတ် (၃)
ရပ်ကွက် အတွင်း စီးနင်းသွားလာနေသည်ကို တွေ့ရှိရ၍ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ထိုသို့ အကြောင်းကြားချက်အရ နမ့်စန်မြို့မရဲစခန်းမှ မောင်ပြည့်ဖြိုးဦးအား
ခေါ်ယူစစ်ဆေးရာ ၎င်းသည် သူငယ်ချင်း ဖြစ်သူ မောင်ပြည့်ဖြိုးသိန်းအား စက်တင်ဘာလ ၂၃ ရက်၊
နေ့လယ် ၁၂ နာရီအချိန်ခန့်က နမ့်စန်မြို့၊ အမှတ် (၅) ရပ်ကွက်၊ စစ်မှုထမ်းဟောင်းအိမ်ရာရှိ
လူမနေသည့် အဆောက်အဦအလွတ်သို့ ခေါ်ဆောင်သွားခဲ့ပြီး မောင်ပြည့်ဖြိုးသိန်း ဖုန်းပြောနေစဉ်
နောက်မှ သစ်သားချောင်းဖြင့် ဦးခေါင်းအား ၂ ချက်ရိုက်ကာ မေ့မြောနေစဉ် ဝဲဘက် လက်ကောက်ဝတ်အား
ကြက်သွန်လှီးဓါးဖြင့် လှီးဖြတ်၍ အလောင်းအား အိမ်အနောက်ဘက်ရှိ အိမ်သာကျင်း အသစ်အတွင်းသို့
တွန်းချထားခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု သိရသည်။
.
ထို့နောက် နမ့်စန်မြို့မရဲစခန်းမှ တာဝန်ရှိသူများက အခင်းဖြစ်ရာသို့သွားရောက်စစ်ဆေးခဲ့ရာ
သေဆုံးသူအား အချင်း ၅ ပေ၊ အနက် ၅ ပေ ရှိကျင်းအတွင်းတွင် တွေ့ရပြီး ပြည့်ဖြိုးဦးထံမှ
အရှည် ၂ ပေခန့်ရှိ ၂ လက်မပတ်လည် သစ်သား ချောင်း ၁ ချောင်း၊ အရိုးအသွား ၈
လက်မခန့်ရှိ စတီးဓါး ၁ ချောင်း၊ သွေးသုတ်ထားသော အဝတ်စ ၂ စ၊ တရုတ်နိုင်ငံ ထုတ် အနက်ရောင် TARYAN ဆိုင်ကယ် ၁ စီး
နှင့် OPPO အမျိုးအစား
ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပြည့်ဖြိုးသိန်း (၁၆ နှစ်) အား သတ်ဖြတ်၍ ဆိုင်ကယ်နှင့်
လက်ကိုင်ဖုန်း ရယူခဲ့သူ နမ့်စန်မြို့၊ အမှတ် (၁) ရပ်ကွက်နေ ပြည့်ဖြိုးဦး (၁၆ နှစ်)
အား အရေးယူနိုင်ရေးအတွက် နမ့်စန်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း
သိရသည်။
.