နမ့်စန်တွင် COVID-19 လူနာတစ်ဦး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ့်စန်တွင် COVID-19 လူနာတစ်ဦး တွေ့ရှိ

ကမ္ဘောဇတိုင်း

.

လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်အခြေစိုက် လေတပ်စခန်းတွင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ တစ်ဦး တွေ့ရှိကြောင်း နမ့်စန်မြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအဖွဲ့က ယနေ့ စက်တင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

.

.

ယင်းလူနာသည် စက်တင်ဘာလ ၉ ရက်တွင် ရန်ကုန်မြို့မှ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ၎င်းနှင့်အတူ ပြန်လာသူ ကျိုင်းတုံမှ ၁ ဦး၊ ခိုလမ်မှ ၁ ဦး၊ နမ့်စန်မှ ၂ ဦးရှိကာ နမ့်စန်မှ ၁ ဦးသည် ရန်ကုန်သို့ ပြန်သွားပြီဖြစ်ကြောင်း နှင့် ယင်း ပို့တွေ့လူနာသည် နမ့်စန်မြို့သို့ ပြန်ရောက်သည်နှင့် သီးသန့်အဆောင်တွင် Quarantine ဝင်ရောက်နေသူဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် ပြည်နယ် ကျန်းမာရေးဘက်မှ ဓါတ်ခွဲနမူနာ ပေးပို့ထားမှု မရှိကြောင်းနှင့် လက်ရှိ လူနာသည် တပ်မတော်မှဟု သိရသည့်အတွက် ပြင်ပပုဂ္ဂိုလ်များနှင့် ထိတွေ့မှုရှိ/မရှိ စုံစမ်းနေဆဲဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

.

“ရန်ကုန်ကနေ စက်တင်ဘာလ ၈ ရက်က လိုင်းကားနဲ့ ပြန်လာတာပါ။ အောင်ပန်း ကုတင် (၇၀၀) တပ်မတော် ဆေးရုံကြီးကို လွှဲမယ်လို့ သိထားပါတယ်။ သူနဲ့ အတူလာတဲ့သူ အားလုံးကို Quarantine ဝင်ဖို့ ဆောင်ရွက်နေပါတယ်။ လူနာနဲ့ အတူပြန်လာတဲ့အထဲက တစ်ယောက်က နမ့်စန်မှာနေပြီး သူ့မိသားစုက ဈေးရောင်းတာဖြစ်တဲ့အတွက် သူတို့ရဲ့ ဓါတ်ခွဲကိုတော့ ဒီနေ့ ချက်ချင်း ပို့နိုင်အောင် စီစဉ်နေပါတယ်” ဟု နမ့်စန်မြို့နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

.

ထို့အတူ နမ့်စန်မြို့နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ နာယက ဦးလင်းအောင်ဆွေကလည်း “သူက လောလောဆယ် Facilities Quarantine ထားထားတယ်လို့ သိရပါတယ်။ ရန်ကုန်က ပြန်လာတပါ။ သက်ဆိုင်ရာ ယာဉ်လိုင်းကိုလည်း Quarantine လုပ်ဖို့ ဆက်သွယ်နေပါတယ်။ တာချီလိတ်-ရန်ကုန် ကားပါ။ သူနဲ့ ဆက်စပ်တဲ့သူတွေကို သက်ဆိုင်ရာမြို့နယ်အလိုက် လိုက်ပြီး အသိပေးတာတွေ၊ Quarantine ထားပြီး ဓါတ်ခွဲနမူနာ ရယူတာတွေတော့ လုပ်နေပါပြီ” ဟု ပြောဆိုခဲ့သည်။

.

သို့ဖြစ်၍ ယနေ့ စက်တင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းအထိ ရှမ်းပြည်နယ်တွင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြု လူနာ ၁၇ ဦး ရှိလာပြီဖြစ်‌ကြောင်း သိရသည်။

.

Journal Download

Photo of three cats