မင်းဇော်မင်း
.
ညောင်ရွှေမြို့နယ်၊ လင်းကင်းကျေးရွာအုပ်စု၊ ကျွန်းကြီးတောင်အနီး ငှက်ပျောခြံတွင်
စက်တင်ဘာလ ၁၃ ရက်၊ ညနေပိုင်းက မြေပဒူ(ပျားတူ)အား ယမ်းဖြင့် ဖွတ်စဉ် ယမ်းပေါက်ကွဲ၍ ပျားဖွတ်သူ
တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
ညောင်ရွှေမြို့နယ်၊ လင်းကင်းကျေးရွာအုပ်စု၊
ဖွဲ့စင်းမြောက်ကျေးရွာနေ ဦးအောင်သန်းသည် ၎င်း၏ သားဖြစ်သူ မောင်ကျော်မြင့်၊ ကိုအားမာန်စိုးတို့နှင့်အတူ ရွာနှင့် တစ်မိုင်ခန့်အကွာ ငှက်ပျောခြံအတွင်းရှိ ခြတောင်ပို့ အတွင်းမှ
မြေပဒူ(ပျားတူ)အုံအား ဖျက်ဆီးရန် အတွက် မီးရှုးမီးပန်းများအတွင်းမှ ယမ်းများကို ကော်ပိုက်အတွင်းသို့
ထည့်၍ ရွှံ့ဖြင့် အပေါက် ၂ ဘက်ကို ပိတ်ကာ ခြံတောင်ပို့ အတွင်းသို့ ထည့်စဉ် ပေါက်ကွဲမှု ဖြစ်ကာ ကိုအားမာန်စိုး၏ ယာဘက်ရင်ဝနှင့် ကျောတွင်
ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
ယင်းကဲ့သို့ ကိုအားမာန်စိုးတွင် ဒဏ်ရာများ ရရှိမှုကြောင့် မင်းကျောင်းကျေးရွာရှိ
ကျန်းမာရေး ဆေးခန်းသို့ ပို့ဆောင်သော်လည်း ဆေးခန်းတွင် ကျန်းမာရေးဝန်ထမ်း မရှိသဖြင့် ရွှေမေတ္တာ လူမှုစောင့်ရှောက်ရေးနှင့်
နာရေးကူညီမှုအသင်း မော်တော်ယာဉ်ဖြင့် ညောင်ရွှေမြို့သို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးခဲ့ရကြောင်း သိရသည်။
.
“ ပဒူအုံကို ယမ်း ထည့်ထားတဲ့
PVC ငါးမူးပိုက်၊ အရှည်တစ်ပေခွဲနဲ့ အဝဘက်ကို မီးရှို့တာ
အထဲကို ယမ်းငွေ့ မှုတ်ပြီး ဖျက်တာမှာ အရှေ့ကို မထွက်ဘဲ အနောက်ကို ပေါက်ထွက်ပြီး
ဖင်ပိတ် အဝိုင်းက ရှေ့ကနေ ဖောက်ဝင်သွားပြီး နောက်ကြောကနေ ပေါက်ထွက်သွားတာပါ။” ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
.
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း
ဟုတ်/မဟုတ် စစ်ဆေးရန်အတွက် သေမှုသေခင်း အမှတ်စဉ် (၆/၂၀၂၀)
ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။