မိုင်းယုတွင် ကျေးရွာအရောက် လိုက်လံရောင်းချပေးသည့် ဈေးသည်များကြောင့် ရောင်းသူနှင့် ဝယ်သူအကြား အဆင်ပြေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယုတွင် ကျေးရွာအရောက် လိုက်လံရောင်းချပေးသည့် ဈေးသည်များကြောင့် ရောင်းသူနှင့် ဝယ်သူအကြား အဆင်ပြေ

ကိုကိုနိုင် (မိုင်းယု)

.

တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကျေးရွာအရောက် နယ်လှည့် လိုက်လံရောင်းချပေးနေသည့် ဈေးသည် များ၊ ကုန်စိမ်းဈေးသည်များကြောင့် ရောင်းသူနှင့် ဝယ်ယူစားသုံးသူ မိသားစုများအကြား အဆင်ပြေလျက်ရှိသည်ဟု သိရသည်။

.

.

“ရွာလည် ဈေးသည်လုပ်လာတာ ကြာပါပြီ။ အခုလို COVID-19 ကာလမှာ စားသုံးသူတွေ အဆင်ပြေစေဖို့ အိမ်ထဲကနေ အိမ်ပြင်မထွက်ခဲ့ရင်တောင် အိမ်ရှေ့လောက်သာ ထွက်ရပြီး ကုန်စိမ်းတွေကို အလွယ်တကူ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့က မနက် ၃ နာရီ၊ ၄ နာရီလောက် ဈေးထဲကို သွားပြီး ပြန်လည်ရောင်းချဖို့ လိုအပ်တဲ့ ကုန်စိမ်း‌တွေကို ဖောက်သည်ဈေးနဲ့ ဝယ်ယူပြီး ပြန်လည်ရောင်းချပေးတာဖြစ်ပါတယ်။ အခု COVID-19 ကာလမှာ ရွာလည်ရောင်းချ ရတာ ဆိုတော့ ကျန်းမာရေးလမ်းညွှန်ချက်တွေအတိုင်း ရောက်လေရာမှာ Mask တပ်ထားရတယ်” ဟု နယ်လှည့်ရောင်းချသူ ဈေးသည်တစ်ဦးက ပြောသည်။

.

အဆိုပါ ဈေးသည်များအနေဖြင့် ဟင်းသီးဟင်းရွက်၊ အသားငါးနှင့် အခြားမုန့်ပဲသွားရေးစာများမှအစ ရောင်းချကြခြင်း ဖြစ်ပြီး တစ်နေ့လျှင် ဝင်ငွေကျပ် ၄၀၀၀၀ မှ ၈၀၀၀၀ ကျပ်အထိ ရောင်းချရကြောင်း ဈေးသည်များထံက သိရသည်။

.

“မိုင်းယုမြို့ပေါ်လောက်ပဲ လိုချင်တာ နည်းနည်း ဝယ်လို့ရတယ်။ ကျွန်တော်တို့က ရွာမှာနေတော့ ဒီ Mobile (နယ်လှည့်) ဈေးသည်တွေကို မျှော်နေရတယ်။ မနက် သူတို့ဈေးသည်ဆီက ဝယ်ဖို့ မမီလိုက်ဘူးဆိုရင် တစ်ရက်တာအတွက် ကြုံသလို ချက်စားရတာပဲ။ အဲဒီ Mobile ဈေးသည်တွေဆီက ဝယ်စားရတာ ဈေးသက်သာတော့ အဆင်ပြေတယ်။ လိုချင်တဲ့ကုန်စိမ်း အစုံရတယ်” ဟု ဝယ်ယူစားသုံးသူတစ်ဦးကလည်း ၎င်း၏အမြင်ကို ပြောဆို ခဲ့သည်။

.

COVID-19 ကာလအတွင်း ဈေးရောင်းသူနှင့် ဝယ်သူအကြားလူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် မိုင်းယုမြို့တွင်းရှိ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များနှင့် ပျံကျဈေးသည်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များအတိုင်းဆောင်ရွက်ကာ ခင်းကျင်းရောင်းချစေရေးနှင့် ဝယ်သူအနေဖြင့်လည်း နှာခေါင်းစည်း (Mask)တပ်ခြင်း၊ လူစုလူဝေးဖြင့် ဆိုင်ထိုင်စားသောက်ခြင်း၊ ဝယ်ယူခြင်းများမဖြစ်ပေါ်စေရန် မြို့ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့မှ နေ့စဉ် ပညာပေးကြပ်မတ်စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats