မိုင်းယုတွင် မျိုးစေ့နှင့် ပျိုးပင်များ ဖြန့်ဝေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယုတွင် မျိုးစေ့နှင့် ပျိုးပင်များ ဖြန့်ဝေ

ကိုကိုနိုင် (မိုင်းယု)

.

တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနမှ ဌာနဆိုင်ရာ မိသားစုအိမ်များသို့ မျိုးစေ့၊ ပျိုးပင်နှင့် နည်းပညာများအား အိမ်တိုင်ရာရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

.

.

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကာလအတွင်း မြို့ပေါ်နှင့် ကျေးလက် တောင်သူများအနေဖြင့် Stay Home ကာလများ၌ မိမိတို့ နေအိမ်ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်နိုင် ရန်နှင့် လူစုလူဝေး များရှိသည့်ဈေးများ၊ ကုန်ဆိုင်များသို့ သွားလာမှုလျော့နည်းစေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ယင်းကဲ့သို့ မျိုးစေ့၊ ပျိုးပင်နှင့် နည်းပညာများ ဖြန့်ဝေပေးနေခြင်းဖြစ်ကြောင်း သိရသည်။

.

“ကျွန်တော်တို့ မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာန အနေနဲ့ အခုလို COVID-19 ကာလမှာ ဒေသခံပြည်သူတွေ သန့်ရှင်း လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးနိုင်ဖို့နဲ့ တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ဖို့ ရည်ရွယ်ပြီးတော့ မုန်ညှင်း၊ မုန်လာဥ၊ ကန်စွန်း၊ ရုံးပတီ၊ ခရမ်းချဉ်၊ ခရမ်းမျိုးစေ့နဲ့ ဒန့်သလွန်ပျိုးပင်တွေကို အခမဲ့ ဖြန့်ဝေပေးတာဖြစ်ပါတယ်” ဟု မိုင်းယုမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးမင်းဦးကျော်က ပြောသည်။

.

ထို့အပြင် စိတ်ပါဝင်စားသူ မည်သူမဆို မျိုးစေ့နှင့် ပျိုးပင်များကို လာရောက်ထုတ်ယူနိုင်ပြီး စိုက်ပျိုးရေးဦးစီးဌာန ရုံးဝင်းအတွင်း စိုက်ပျိုးထားရှိသည့် ဟင်းသီးဟင်းရွက်များကိုလည်း လိုအပ်သလို လာရောက်ခူးယူ စားသုံးနိုင်ကြောင်း နှင့် မလာရောက်နိုင်သည့် ပြည်သူများကိုလည်း အခါအားလျော်စွာ လိုက်လံဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

ယင်းကဲ့သို့ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ခြင်းအားဖြင့် သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝသည့် ဟင်းသီး ဟင်းရွက်များကို အချိန်တိုအတွင်း ရရှိ၍ မိသားစုအတွက် ကုန်ကျစရိတ် သက်သာစေမည်ဖြစ်ကြောင်း သိရသည်။

.

အလားတူ ထပ်မံရရှိလာမည့် ဟင်းသီးဟင်းရွက်နှင့် ပျိုးပင်များကိုလည်း ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

.

Journal Download

Photo of three cats