မိုင်းဆတ်ခရိုင်အတွင်း ဆုံဆို့နာရောဂါဖြစ်ပွားသူ တိုးလာသဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းဆတ်ခရိုင်အတွင်း ဆုံဆို့နာရောဂါဖြစ်ပွားသူ တိုးလာသဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်


မင်းဇော်မင်း
.
မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်များအတွင်း ဆုံဆို့နာရောဂါ ဖြစ်ပွားသူ အရေအတွက် တိုး ပွားလာပြီး ကပ်ရောဂါအသွင် ဖြစ်ပွားလာနေသည့်အတွက် ကာကွယ်ဆေး ထိုးလုပ်ငန်းများကို ကျန်းမာရေးဌာနမှ အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်မှ ၃၁ ရက်အထိ မိုင်းဆတ်မြို့နယ်တွင် ဆုံဆို့နာရောဂါ ဖြစ်ပွဦးသူ ၃၃ ဦးနှင့် မိုင်းတုံ မြို့နယ်တွင် ၂၅ ဦး၊ စုစုပေါင်း ၅၈ ဦးအထိ ရှိလာနေခြင်းဖြစ်ကြောင်း သိရသည်။
.
မိုင်းဆတ်မြို့နယ်အတွင်း ဩဂုတ်လ ၂၅ ရက်အထိ ရပ်ကွက် ၂ ရပ်ကွက်နှင့် ကျေးရွာ ၇ ရွာတို့တွင် ဆုံဆို့နာရောဂါ ဖြစ်ပွားသူများ တွေ့ရှိခဲ့ရာမှ ယခုအခါ ရပ်ကွက် ၄ ခုနှင့် ကျေးရွာ ၁၀ ရွာအထိ ရောဂါကူးစက်ပျံ့နှံ့လာသဖြင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဆုံဆို့နာရောဂါဖြစ်ပွားသည့် ရပ်ကွက်/ကျေးရွာများသို့ ကာကွယ် ဆေးများ ကွင်းဆင်းထိုးနှံ ပေးလျက်ရှိရာ ဩဂုတ်လ ၃၁ ရက်အထိ အသက် ၁၅ နှစ်အောက် ကလေး စုစုပေါင်း ၂၈၈၄ ဦဂအား ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
.
အလားတူ မိုင်းတုံမြို့နယ်အတွင်းရှိ ဆုံဆို့နာရောဂါ ထပ်မံတွေ့ရှိသည့် “ဝ” အထူးဒေသ၊ ရေထွက်ကျေးရွာနှင့် ဟွေလုံခြုံ ကျေးရွာတို့တွင် လူဦးရေ ၄၀၀၀ ကျော်အား ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဩဂုတ်လ ၃၁ ရက်၊ ညနေပိုင်းအထိ ဆုံဆို့နာလူနာ စုစုပေါင်း ၁၆၄ ဦး ရှိရာ ၎င်းတို့မှာ တာချီလိတ်မှ ၄၉ ဦး၊ မိုင်းခတ်မှ ၄၁ ဦး၊ မိုင်းဆတ်မှ ၃၃ ဦး၊ မိုင်းဖြတ်မှ ၁၁ ဦး၊ မိုင်းတုံမှ ၂၅ ဦးနှင့် ကျိုင်းတုံမှ ၅ ဦး တို့ဖြစ်ပြီး သေဆုံးမှုအနေဖြင့် တာချီလိတ်တွင် ၆ ဦး၊ မိုင်းခတ်တွင် ၂ ဦး၊ ကျိုင်းတုံတွင် ၂ ဦး၊ စုစုပေါင်း ၁၀ ဦး ရှိခဲ့ ကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
.

Journal Download

Photo of three cats