မင်းဇော်မင်း
.
မူဆယ်မြို့တွင် ယနေ့ စက်တင်ဘာလ ၃၀ ရက်၊ နေ့လယ်ပိုင်းမှစတင်၍
မြို့အတွင်း ဝင်ရောက်လာသည့် ကုန်တင်ကား ကြီးများမှ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များနှင့်
ယာဉ်ပေါ်လိုက်ပါလာသူအားလုံးကို ကိုယ်အပူချိန် တိုင်းတာ ခြင်း၊ မှတ်တမ်းရယူခြင်းများ
စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.“အရင်က အိမ်စီးကားတွေနဲ့ ခရီးသည်ကားတွေကို အထူးပြုပြီး လုပ်ဆောင်ခဲ့ပေမဲ့
အခု ကုန်ကားကြီးတွေကိုပါ သေချာ မှတ်တမ်းယူပြီး လုပ်ဆောင်နေပါတယ်” ဟု မူဆယ်ခရိုင် COVID-19 ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးကော်မတီ ပြန်ကြားရေးအဖွဲ့ဝင် ဦးမျိုးခိုင်က ပြောသည်။
.
ကုန်ကားများဖြင့် ပါလာသူများကို ကိုယ်အပူချိန် တိုင်းတာခြင်း၊
နေရပ်လိပ်စာ၊ တည်းခိုမည့်လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်အပါအဝင် အချက် ၉ ချက်ဖြင့်
မှတ်တမ်းရယူနေခြင်းဖြစ်ပြီး ယခုလုပ်ဆောင်မှုမှာ လတ်တလော စတင် ဆောင်ရွက်ခြင်းဖြစ်ကာ
နောက်ပိုင်းတွင် ခရိုင်အဆင့် အစည်းအဝေးဆုံးဖြတ်ချက်များအရ အဆင့် ၃ ဆင့်ဖြင့်လုပ် ဆောင်သွားရန်
ရှိနေကြောင်း ၎င်းထံက သိရသည်။
.
ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်က ခဲသတ္တု တင်ဆောင်လာသည့် တွဲယာဉ်မောင်းတစ်ဦးတွင်
COVID-19
ရောဂါပိုး တွေ့ရှိသည်ဟူသာ သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့
ကုန်တင်ကားများတွင် ပါရှိသူများကို ကိုယ်အပူချိန် တိုင်းတာခြင်း၊ မှတ်တမ်းရယူခြင်းများ
စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
.
“ကား ၅ စီးစီသွင်းဖို့ အစည်းအဝေးမှာ ပြောတယ်။ အခုက တရုတ်ဘက်မှာလည်း
ကုန်မရှိပေမဲ့ ထွေလာဂျီလို ကားတွေ သွင်းဖို့ ရှိလို့ ယာဉ်မောင်းချိန်း စနစ်အရ ကားအဝင်အထွက်
ရှိနေမှာဖြစ်ပါတယ်။ တရုတ် မုန့်စားပွဲတော်ရက်အတွင်း ကတော့ သေချာပေါက် မပြောနိုင်သေးပေမဲ့
ယာဉ်အဝင်အထွက်တော့ ရှိနေမှာဖြစ်ပါတယ်” ဟု မူဆယ်ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ ဒုရဲမှူးချစ်စိန်က
ပြောသည်။
.
တရုတ်နိုင်ငံတွင် အောက်တိုဘာလ ၁ ရက်မှ ၁၀ ရက်အထိ ရိုးရာမုန့်စားပွဲတော်
ပြုလုပ်ရန် ရှိနေပြီး ယင်းရက်များ အတွင်း တရုတ်နိုင်ငံဘက်မှ အကောက်ခွန်ကဲ့သို့ ဌာနများ
ပိတ်နိုင်သော်လည်း ယခုအချိန်ထိ ကြေညာချက် ထုတ်ပြန် ထားခြင်းမရှိသေးသဖြင့် ကြယ်ခေါင်၊
ရွှေလီသို့ ကုန်တင်/ကုန်ချ ယာဉ်အဝင်အထွက် ရှိနေမည်ဖြစ်သည်ဟု ၎င်းထံက သိရသည်။
.
“သစ်သီးဝလံမှာတော့ အဓိက ဖရဲက ကျင်စန်းကျော့က အဝယ်လိုက်နေတယ်။
မနှစ်က ရှုံးထားတော့ ပြည်တွင်းက ရောင်းလိုအားက မနှစ်ရောင်းအားရဲ့ ၃ ပုံ ၁ ပုံပဲရှိတယ်။
အခုက မုန့်စားပွဲတော်ရှိတော့ ပိုရောင်းအားကောင်းတယ်။ သူတို့ ကွမ်ရှီးဖရဲလည်း မထွက်သေးတော့
မြန်မာဖရဲတွေ ဈေးကောင်းရနေပါတယ်” ဟု မူဆယ်အခြေစိုက် သစ်သီးဝလံ ကုန်စည်ဒိုင် ဥက္ကဋ္ဌ
ဦးစိုင်းမြင့်ဗိုလ်ကလည်း ပြောဆိုခဲ့သည်။
.
လက်ရှိတွင် တရုတ်နိုင်ငံသို့ ကုန်စည်အမျိုးမျိုးတင်ပို့ရန်
စောင့်ဆိုင်းနေသည့် ကုန်ကားစီးရေ ၁၀၀၀ ကျော်ရှိနေပြီး ကုန်ကားသမားများကို COVID-19 စစ်ဆေးမှုအပြင် တတ်နိုင်သမျှ ကားပေါ်တွင်သာ ရှိနေကြရန် အသိပေးတိုက်တွန်း လျက်ရှိသည်ဟု
သိရသည်။
.