မျိုးညွန့်ရွှေ (မိုးနဲ)
.
လင်းခေးခရိုင်၊ မိုးနဲမြို့နယ် အားကစားကွင်း အထူးတန်းပွဲကြည့်စင်
တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ် ကြောင်း သိရသည်။
.
.အဆိုပါ မိုးနဲအားကစားကွင်း အထူးတန်းပွဲကြည့်စင်ကို
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ ရှမ်းပြည်နယ်အားကစားနှင့်
ကာယပညာဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၅၀ ဖြင့် ဟိန်းဈာန်အောင် ဆောက်လုပ်ရေးကုမ္ပဏီက
တာဝန်ယူကာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ပွဲကြည့်စင်အောက်တွင် နားနေခန်း၊ အဝတ်လဲခန်း၊ ဒိုင်လူကြီးခန်း၊
ဆေးအဖွဲ့အခန်းများအပြင် သန့်စင်ခန်းများလည်း ပါဝင်မည်ဖြစ်ပြီး ပွဲကြည့်စင်၏ အတိုင်းအတာများမှာ
အလျား ၁၀၀ ပေ၊ အနံ ၃၀ ပေနှင့် အမြင့် ၂၇ ပေ ရှိကြောင်း မိုးနဲ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှူး
ဒေါ်နန်းသန်းသန်းစိုးထံက သိရသည်။
.
အထူးတန်းပွဲကြည့်စင် ပြီးစီးသွားသည့်အတွက် အားကစားပြိုင်ပွဲများ
ကျင်းပပြုလုပ်ရာတွင် ပရိသတ်များ သက်သောင့်သက်သာ ကြည့်ရှုနိုင်ခြင်းကြောင့် အားကစားကို
ပိုမိုစိတ်ဝင်စားလာနိုင်ခြင်း၊ ပွဲကြည့်စင် ရှိခြင်းကြောင့် အားကစားပြိုင်ပွဲ ပြုလုပ်ရာတွင်
အခက်အခဲမရှိခြင်း၊ မျိုးဆက်သစ်အားကစားသမားများ ပိုမိုပေါ်ထွက်လာနိုင်ခြင်း၊ ပြိုင်ပွဲများ
စဉ်ဆက်မပြတ် ကျင်းပနိုင်ခြင်းကြောင့် မြို့နယ်၏ အားကစားကဏ္ဍ ပိုမိုတိုးတက်လာနိုင်ခြင်း
စသည့် အကျိုးကျေးဇူးများကို ခံစားရရှိစေမည်ဖြစ်ကြောင်း ဒေါ်နန်းသန်းသန်းစိုးက ဆက်လက်ပြောဆိုခဲ့သည်။
.