မင်းဇော်မင်း
.
မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့မှ လူကုန်ကူးမှု ကျူးလွန်ပြီး ထွက်ပြေးနေသည့် တရားခံပြေး အမျိုးသမီးကို ထိုင်းနိုင်ငံတွင် စက်တင်ဘာလ ၁၂ ရက်က ဖမ်းမိခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းလာခဲ့ကြောင်း တာချီလိတ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။
.
“ ဒီနေ့ (စက်တင်ဘာ ၁၂ )ပဲ ထိုင်းက အမှတ်(၂)တံတားမှာ လွှဲလာလို့ လက်ခံပြီး အခု ကျိုင်းတုံ မြို့မရဲစခန်းကို ပို့ဆောင်နေပါတယ်။” ဟု ရဲအုပ် လှဘုန်းက ပြောသည်။
.
ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်၊ ညနေ ၃ နာရီက ကျိုင်းတုံမြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တရားလိုအဖြစ် တိုင်တန်းပြီး တုံတာနယ်မြေရဲစခန်းတွင် (ပ)၇/၂၀၂၀၊ လူကုန်းကူးမှုတားဆီးရေး အက်ဥပဒေပုဒ်မ ၂၄ အမှုမှ တုံတာမြို့၊ ရပ်ကွက်(၃)နေ တရားခံပြေး အသက် ၃၉ နှစ်အရွယ် မမီတီး သည် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် ရောက်ရှိနေကြောင်း သတင်းအရ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ လူကုန်ကူးမှုဆိုင်ရာ မြန်မာ-ထိုင်း နယ်စပ် လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေးရုံး(BCATIP) ရုံးသို့ ကူညီစုံစမ်း ဖမ်းဆီးပေးနိုင်ရန် ညှိနှိုင်းခဲ့ပြီးနောက် စက်တင်ဘာလ ၁၂ ရက်၊ နေ့လယ်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
၎င်း တရားခံပြေးအား တာချီလိတ်မြို့၊ အမှတ်(၂)ချစ်ကြည်ရေးတံတားတွင် COVID-19 ကင်းရှင်းကြောင်း ကျန်းမာရေး ထောက်ခံချက်နှင့်အတူ လွှဲပြောင်း လက်ခံ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
မမီတီးသည် တစ်ရပ်ကွက်တည်းနေ တူမ တော်စပ်သူ အသက်၂၂ နှစ်အရွယ် အမျိုးသမီးကို စည်းရုံးပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်းက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ တရုတ်နိုင်ငံသား အမျိုးသားထံ ဇနီးမယားအဖြစ် ရောင်းစားခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ လူကုန်ကူးခံရသူ အမျိုးသမီးအား ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်က တရုတ်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့က မြန်မာနိုင်ငံ၊ မူဆယ်မြို့၊ နန်းတော်ပေါက်မှ တဆင့် ပြန်လည်လွှဲအပ်လာသဖြင့် လွတ်မြောက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။