မော်မော်
.
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အဝင်တွင် ယနေ့ စက်တင်ဘာလ
၁၃ ရက်၊ နံနက်ပိုင်းက လားရှိုးမြို့မှ မန္တလး မြို့သို့ သယ်ဆောင်လာသည့် မူးယစ်ဆေးဝါများအား
တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများ၏ ပိုင်ရှင်အား နေ့လယ်ပိုင်းက မန္တလေးမြို့တွင်း၌
ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး အလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ
(CCDAC-Myanmar) က သတင်းထုတ်ပြန်ထားသည်။
.
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်က ပြင်ဦးလွင်မြို့အဝင်တွင်
တရားမဝင်ကုန်ပစ္စည်းများ စစ်ဆေးရန်ထားရှိသည့် Mobile X-Ray စက်နေရာကို ရှောင်ကွင်း နိုင်သည့်နေရာများအား
ပိတ်ဆို့စစ်ဆေးနေစဉ် လားရှိုးမှ မန္တလေးသို့ ယာဉ်မောင်း ဝသုန်မင်းထက်
မောင်းနှင်ပြီး စိုင်းသန်းမြင့် လိုက်ပါလာသည့် ကုန်ပစ္စည်းတင်ဆောင်လာခြင်းမရှိသော
၆ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းခေါင်မိုးအပေါ် အံဝှက်အတွင်း
မသင်္ကာဖွယ်မူးယစ်ဆေးဝါးများတွေ့ရှိရပြီး မူးယစ်ဆေးဝါးပိုင်ရှင်မှာ ၎င်းတို့ရှေ့မှ
Toyota Land Cruiser အမျိုးအစားခဲရောင်မော်တော်ယာဉ်ဖြင့်
ကြိုသွားနှင့်ပြီး မန္တလေးမြို့အဝင်တွင် စောင့်ကြိုမည်ဖြစ်ကြောင်း သိရှိရသဖြင့်
မူးယစ်ဆေးဝါးသယ်ဆောင်လာသည့်ယာဉ်ကို တပ်ဖွဲ့ဝင်များ သက်သေများနှင့် အတူ
မန္တလေးဘက်သို့ မောင်းနှင်စေခဲ့ကြောင်း သိရသည်။
.
ထို့နောက် မန္တလေးမြို့ အဝင်တွင် ယင်း Toyota Land Cruiser ယာဉ်အား တွေ့ရှိသဖြင့်
ဖမ်းဆီးရရှိရေး ပိတ်ဆို့ တားဆီးစဉ် ရဲတပ်ဖွဲ့ပိုင်ယာဉ်ကိုပွတ်တိုက်ပြီးနောက်
မန္တလေးမြို့အတွင်း လှည့်ပတ်မောင်းနှင် ထွက်ပြေးသဖြင့် နောက်မှ
ထပ်ချပ်မကွာလိုက်လံဖမ်းဆီးသော်လည်း ရပ်တန့်ခြင်းမရှိ၍ မန္တလေးမြို့၊၂၆ လမ်းပေါ် ၅၆
လမ်းနှင့် ၅၇ လမ်းကြားအရောက်တွင် ယာဉ်ဘေးချင်းယှဉ်၍ သေနတ်ဖြင့် ၃ ချက်
ပစ်ခတ်ဖမ်းဆီးရာ Toyota
Land Cruiser ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးသူ
စိုင်းဝင်းနိုင်(ခ)အားချိန်၊ လားရှိုးမြို့နေသူအား ညာဘက်လက်ဖျံ သေနတ်ထိမှန် ဒဏ်ရာဖြင့်
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
စစ်ဆေးချက်များအရ ၆ ဘီး ယာဉ်ပေါ်တွင် ဆပ်ပြာခွက် ၁၃၂၀
ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၁၃ ဒသမ ၂ ကီလို၊ ငွေကျပ်သိန်း ၇၉၂၀ တန်ဖိုးရှိ
မူးယစ်ဆေးဝါးများသိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးများပိုင်ရှင်
စိုင်းဝင်းနိုင်(ခ)အားချိန် ကယာဉ်မောင်း ဝသုန်မင်းထက် နှင့် စိုင်းသန်းမြင့်
တို့အား မူးယစ်ဆေးဝါးများသိုဝှက် ထည့်သွင်းထားသည့် ၆ ဘီး မော်တော်ယာဉ်အား
လားရှိုးမှမန္တလေးသို့ မောင်းနှင်ရန် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ဝသုန်မင်းထက်၊
စိုင်းသန်းမြင့်နှင့် စိုင်းဝင်းနိုင်(ခ)အားချိန် တို့အား
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားပြီး
ကွင်းဆက် တရားခံများဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.