ဟိုပုံးမြို့တွင် Mask တပ်ဆင်ခြင်း မရှိသူများအား ရပ်တန့်စေ၍ အသိပညာပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးမြို့တွင် Mask တပ်ဆင်ခြင်း မရှိသူများအား ရပ်တန့်စေ၍ အသိပညာပေး

နန်းဝင်းရီ

.

ဟိုပုံးမြို့တွင် Mask တပ်ဆင်ခြင်း မရှိသူများအား ရပ်တန့်စေ၍ အသိပညာပေး ပြောကြားခြင်းကို ယနေ့ (စက်တင်ဘာလ ၃၀ ရက်) နံနက်မှ စတင်၍ ဆောင်ရွက်နေကြောင်း Our Lovely Group အဖွဲ့ထံမှ သိရသည်။

.

ယင်းကဲ့သို့ Mask တပ်ဆင်စေရေး အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် အနည်းဆုံး ၁၅ ဦးနှင့်အထက် စောင့်ဆိုင်းစေပြီးနောက် Mask များ စနစ်တကျ တပ်ဆင်စေရေးအတွက် ပညာပေး ဟောပြောမှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

.


 

“ အနည်းဆုံး ၁၅ ယောက်လောက် ပြည့်ရင် တစ်ခေါက်၊ ပညာပေးအစီအစဉ်လေး ဆောင်ရွက်ပါတယ်။ ကျွန်တော်တို့ ဆောင်ရွက်တာက မနက်ပိုင်းဆိုတော့ လူသွားလူလာ များတဲ့အတွက်ကြောင့်မို့ အချိန် အကြာကြီးတော့ သိပ် မစောင့်ရပါဘူး။ အများဆုံးတော့ ၁၀ မိနစ်လောက်ပဲ စောင့်ရတယ်။ ဒီမနက်ကတော့ ၇၀ ကျော် ရှိပါပြီ။” ဟု Our Lovely Group မှ ဦးအောင်ဇော်ထွေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ Mask တပ်ဆင်လာခြင်း မရှိသဖြင့် ရပ်တန့်စေ၍ အသိပညာပေး ခံရသူ စုစုပေါင်း ၇၈ ဦးထိ ရှိခဲ့ပြီး ကျေးရွာများမှ လာရောက်သူ အများစုမှာ Mask တပ်ဆင်ခြင်း မရှိကြဘဲ မှတ်တမ်းကောက်ယူရန် ခရီးသွားရာဇဝင် မေးမြန်းရာတွင် ကိုရင်လေးကျောင်းသို့ သွားရောက်မည်ဟု ပြောဆိုသူက များကြောင်း သိရသည်။

.

“ ရှေ့မှာ ဆောင်ရွက်ခဲ့တုန်းက အခမဲ့ များစွာ ပေးဝေတယ်။ အခုဝယ် အခုတပ် စနစ်လည်း ဆောင်ရွက်ပေးခဲ့ပါတယ်။ ပိုပြီးတော့မှ ထိရောက်လာလေအောင် ဒီနေ့က စပြီးတော့မှ ရပ်ခိုင်းပြီး အသိပညာ ပေးပြီးတော့မှ ပညာပေး ဟောပြောချက်တွေနဲ့ ဆောင်ရွက်မှုတွေကို ကျွန်တော်တို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ ရွာကနေ လာတဲ့ ကျေးလက် တောင်သူတွေကလည်း Mask တပ်လာအောင် မြို့ပေါ်မှာပဲ လုပ်ရင်တော့ သိပ်ပြီးတော့မှ ထိရောက်မှု မရှိလောက်ဘူးလို့ ထင်တယ်။ အားလုံး ရွာမှာ ရှိတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရော၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ အကုန်လုံး ပူးပေါင်းပြီးမှ ခုလို ပညာပေးတဲ့လုပ်ငန်းတွေ လုပ်ပါမယ်။” ဟု ဦးအောင်ဇော်ထွေးက ဆက်လက် ပြောဆိုသည်။

.

ဟိုပုံးမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်မှ စတင်၍ Mask အခမဲ့ ပေးဝေခြင်း၊ အခုဝယ် အခုတပ်စနစ်ဖြင့် ဆောင်ရွက်နေသည့်အပြင် Mask မတပ်ဆင်လာသူများကို ယခု စက်တင်ဘာလ ၃၀ ရက်မှ စတင်၍ ရပ်တန့် စောင့်ဆိုင်းစေကာ ပညာပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats