လာမည့် ရက်သတ္တပတ်မှ စတင်၍ Mask မတပ်ဆင်သူများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေဖြင့် အရေးယူမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လာမည့် ရက်သတ္တပတ်မှ စတင်၍ Mask မတပ်ဆင်သူများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေဖြင့် အရေးယူမည်

ကိုစိုး (ကမ္ဘောဇတိုင်း)၊ အောင်ဆန်းဝင်း

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် လာမည့် ရက်သတ္တပတ်မှ စတင်၍ Mask မတပ်ဆင်သူများကို သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ ဥပဒေများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် ထံက သိရသည်။

.

.

“တဖြည်းဖြည်းတော့ ဆွဲခေါ်နေတာပေါ့။ အရေးယူမယ်ဆိုတော့ တဖြည်းဖြည်းနဲ့ Mask တော့ တပ်လာကြပါပြီ။ အရေးယူဆောင်ရွက်မှု အပိုင်းကတော့ ရှေ့အပတ် အောက်တိုဘာ လဆန်းထဲ စမှာပါ။ အရေးယူမယ် ဆိုရင်တော့ ဥပဒေ ပုဒ်မ ၃ ခုရှိတာပေါ့။ ဖြစ်တဲ့ ဖြစ်စဉ်အပေါ်မှာ မူတည်မှာဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

လက်ရှိတွင် တောင်ကြီးမြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့် တောင်ကြီးမြို့ရှိ ဈေးများ၊ လူစည်ကားရာ နေရာများတွင် Mask တပ်ဆင်စေရေး အသိပညာပေးခြင်းလုပ်ငန်း များကိုဆောင်ရွက်နေခြင်းဖြစ်သည်။

.

ယင်းကဲ့သို့ ပညာပေးမှုများဆောင်ရွက်ရာတွင် ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်၊ နေ့လယ်ပိုင်းက တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံ၌ Mask မတပ်ဆင်လာသူ ၃၀၀ ဦးခန့်အား တွေ့ရှိရသဖြင့် Mask တပ်ဆင်စေရေး အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ပြီး နောက်တစ်ကြိမ် ထပ်မံတွေ့ရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေ ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်ဟု သိရသည်။

.

“မနေ့ (စက်တင်ဘာ ၂၈ ရက်) က ဝါးပြားလမ်းဆုံမှာ အသိပညာပေးလုပ်တော့ Mask မတပ်လာတဲ့သူ အတော် များများတွေ့ရတယ်။ မြို့ပေါ် ကလူတွေအပြင် ကျေးရွာဘက်ကလူတွေလည်း များတယ်။ ကားသမားတွေကော၊ စီးလာတဲ့လူတွေကော မတပ်ကြတာပေါ့။ မြို့ပေါ်တွေအပြင် အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာလည်း အသိ ပညာပေးမှုတွေ လုပ်ဆောင်ပေးဖို့ လိုအပ်နေသေးတယ်” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။

.

ထိုကဲ့သို့ အသိပညာပေးမှုများ ပြုလုပ်ရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိခြင်း၊ တာဝန်ရှိ သူများအား မချေမငံ ပြောဆိုဆက်ဆံခြင်းများလည်း တွေ့ရတတ်ပြီး မချေမငံ ပြောဆိုသူများကို တာဝန်ရှိသူများမှ အသိပညာပေးပြောကြားကာ နောက်တစ်ကြိမ် ထပ်မံကျူးလွန်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်ဟု သိရသည်။

.

၂၀၁၃ ခုနှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေ အခန်း (၈) ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ ပုဒ်မ ၃၀ (က) တွင် မည်သူမဆို သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုတစ်ရပ်ရပ်ကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသည့် ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်၏ ညွှန်ကြားချက်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်ပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်း ဖော်ပြထားသည်။

.

Journal Download

Photo of three cats