တောင်ကြီးမြို့တွင် Mask မတပ်သူများအား အသိပညာပေးမှုများ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့တွင် Mask မတပ်သူများအား အသိပညာပေးမှုများ ပြုလုပ်


နန်းထက်ထက် .
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင်  နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား အသိပညာပေးမှုများကို ယနေ့ (စက်တင်ဘာလ ၁၅ ရက်)တွင် ပြုလုပ်ခဲ့‌ကြောင်း သိရသည်။
.
“ အပြင်ထွက် သွားလာတဲ့ ပြည်သူတွေကို Mask တပ်ပြီး သွားလာဖို့ ကျယ်ကျယ်ပြန့်ပြန့် အသိပေးထားပြီး ဖြစ်ပါတယ်။ ရောဂါတွေ ပြန့်ပွားမူ မရှိစေရေးအတွက် ဒီနေ့မှာ ထပ်မံပြီးတော့ ပြည်သူတွေ လိုက်နာဖို့ ပိုပြီးတော့ အားထည့်ပြီး ဆောင်ရွက်တဲ့ အနေနဲ့ အပြင်ထွက်တိုင်း Mask တပ်ဖို့၊ COVID-19 ကို ထိန်းချုပ်ဖို့ ကျန်းမာရေးနဲ့ အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွန်ကြားချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် လိုက်နာဆောင်ရွက်ဖို့ ဒီလို ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။”ဟု တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချူပ်ရေး ဦးစီးဌာနမှ ဦး၀င်းထွေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

Mask မတပ်သူများ၏ အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်များကို မှတ်တမ်းယူခြင်း၊ Mask များ အခမဲ့ ဝေငှခြင်းများ ပြုလုပ်ထားပြီး နောက်တစ်ကြိမ် ထပ်မံ စစ်ဆေး ဆောင်ရွက်ချိန်တွင် Mask တပ်ဆင်ခြင်း မရှိပါက သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
“ အခု လောလောဆယ် တောင်ကြီးမြို့ပေါ်မှာ ပညာပေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေပါတယ်၊ အရှိန်အဟုန် မြှင့်ပြီး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”ဟု ဦး၀င်းထွေးက ဆက်လက် ပြောကြားသည်။
.

အဆိုပါ Mask တပ်ဆင်ရေး အသိပညာပေးခြင်းကို တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများက တောင်ကြီးမြို့၊ မြို့မဈေး ဝန်းကျင်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့တွင် နှာခေါင်းစည်း (Mask) မတပ်ဘဲ သွားလာသူများအား အဆင့် ၃ ဆင့်ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်ကာ ပထမအဆင့် အနေဖြင့် Mask တပ်ရန် ဆော်ဩခြင်း၊ Mask ဖြန့်ဝေ ပေးခြင်းတို့ကို လည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် Mask မတပ်ဆင်သူများကို တစ်ကြိမ်လျှင် ၂၀ ဦးနှုန်းဖြင့် အသိပညာပေး ဟောပြောခြင်း၊ တတိယအဆင့်အနေဖြင့် Mask မတပ်ဆင်သူ များအား တစ်ကြိမ်လျှင် ၂၀ ဦးနှုန်းဖြင့် သတ်မှတ်နေရာ ၃ နေရာ၌ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဟု တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ပြောဆိုထားသည်။
.

Journal Download

Photo of three cats