မြန်မာ-ထိုင်းချစ်ကြည်ရေး တံတား(၂)တွင် သတ်မှတ်ယာဉ် ၆ စီးဖြင့်သာ ကုန်သွယ်မှု စတင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာ-ထိုင်းချစ်ကြည်ရေး တံတား(၂)တွင် သတ်မှတ်ယာဉ် ၆ စီးဖြင့်သာ ကုန်သွယ်မှု စတင်

 မင်းဇော်မင်း

.

တာချီလိတ်မြို့မှ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့  သတ်မှတ်ထားသည့် မော်တော်ယာဉ် ၆ စီးဖြင့်သာ ကုန်သွယ်မှု ပြုလုပ်လျက် ရှိကြောင်း ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၇) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်ထံက သိရသည်။

.

မြန်မာ-ထိုင်းချစ်ကြည်ရေး တံတား(၂) ထိုင်းဘက်ခြမ်းအား တွေ့မြင်ရစဉ် [ဓါတ်ပုံ - ဦးထွန်း(မယ်ဆိုင်)]
မြန်မာ-ထိုင်းချစ်ကြည်ရေး တံတား(၂) ထိုင်းဘက်ခြမ်းအား တွေ့မြင်ရစဉ် [ဓါတ်ပုံ - ဦးထွန်း(မယ်ဆိုင်)]

“ မြို့အတွက် လိုအပ်တဲ့ စားသောက်ကုန် ၁၆ စီး စာလောက်ကို သတ်မှတ်ထားတဲ့ ၆ စီးနဲ့ပဲ ခေါက်တုံ့ခေါက်ပြန် ကဲ့ယူတာ မနက်ခင်းမှာ ပြီးတယ်။ ကျန်တာတွေက မယ်ဆိုင်ထဲက ကုန်တိုက်မှာ ရှိတာတွေထက် တာချီလိတ် ဂိုထောင်တွေထဲမှာက ပိုပြီး ရှိနေပါပြီ။ စားသောက်ကုန်တွေကို ထိုင်းဘက်က ကားငယ် တစ်စီး ဘတ် ၄၀၀၀/၅၀၀၀  တောင်းတာ ကားသမားကို မေးကြည့်လို့ သိရတယ်။ ပြီးခဲ့တဲ့ အစည်းအဝေးမှာ ဒီကိစ္စ ဘယ်သူမှ ပွင့်ပွင့်လင်းလင်း မပြောခဲ့ကြလို့ နှစ်နိုင်ငံ တွေ့ဆုံပွဲမှာ မပြောလိုက်ရဘူး၊ ခု ဒီကိစ္စကို ပြောဖို့ ရှိမယ်။ မေတ္တာရပ်ခံချင်တာကတော့ တစ်သက်လုံးအတွက် တခဏတာ သည်းခံပေးဖို့ပါ။ ပြီးတော့ ကုန်စျေးနှုန်းတွေကို မတက်ဖို့ လိုပါမယ်။” ဟု ဦးစိုင်းလုံစံခတ်က ပြောသည်။

.

မြန်မာနိုင်ငံဘက်မှ မော်တော်ယာဉ် ၆ စီးဖြင့် ကုန်စိမ်းနှင့် စားသောက်ကုန်များကို ယနေ့ စက်တင်ဘာ ၁၇ ရက်၊ နံနက် ၆ နာရီမှ စတင်ကာ တင်ဆောင်နိုင်ရန် အမှတ်(၂)ချစ်ကြည်ရေးတံတားရှိ သတ်မှတ်နေရာတွင် ရပ်ပေးပြီး ထိုင်းဘက်မှ ယာဉ်မောင်းများမှ လွှဲပြောင်း မောင်းနှင်သကဲ့သို့ ထိုင်းဘက်မှ ယာဉ် ၆ စီးကိုလည်း မြန်မာနိုင်ငံဘက် သတ်မှတ်နေရာတွင် ယာဉ်မောင်းပြောင်းလဲ မောင်းနှင်စေသည့် ကန့်သတ်မှု ကုန်သွယ်ရေးကို စတင်နေခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

.

လက်ရှိတွင် ထိုင်းနိုင်ငံမှ မြန်မာဘက်သို့ တင်ပို့မည့် စက်သုံးဆီတင် မော်တော်ယာဉ်များ အပါအဝင် ကုန်တင်ယာဉ် အစီးရေ ၂၀၀ ကျော်ခန့် ထိုင်းနိုင်ငံ ဘက်ခြမ်းတွင် စုပြုံ ရပ်ထားပြီး ယခု ဖြစ်ပေါ်နေသည့်ကိစ္စအပေါ် ပြေလည်အောင် ဖြေရှင်းပေးရန် တောင်းဆိုမှုများ ပြုလုပ်နေပြီး မရပါက ဆန္ဒ ထုတ်ဖော်မည့် အခြေအနေ ရှိနေသည်ဟု မယ်ဆိုင်မြို့နေ ထိုင်း လူထုဘက်မှ ပြောဆိုနေကြောင်းလည်း သိရသည်။

.

ယင်း အခြေအနေကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် တာချီလိတ်ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ကြီးကြပ်ပေးနေပြီး မြန်မာယာဉ်မောင်းများကလည်း စည်းကမ်း လမ်းညွှန်ချက်များနှင့် အညီ ပူးပေါင်းဆောင်ရွက်နေလျက် ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats