ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် လားရှိုးမြို့နယ်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် လားရှိုးမြို့နယ်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်

မောင်မောင်သန်း (တောင်ကြီး)

.

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသသို့ ရောက်ရှိနေသော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများသည် စက်တင်ဘာလ ၂၅ ရက်၊ နံနက်ပိုင်းက လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအုပ်စု၊ မယ်ဟန်ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။

.

.

ထိုသို့ ပေးအပ်ရာတွင် လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာအုပ်စု၊ မယ်ဟန်ကျေးရွာမှ နိုင်ငံသားကတ်ပြား ၅၇ ကတ်၊ နောင်သုံးကျေးရွာမှ ၁၅ ကတ်၊ နမ့်ခိုက်ကျေးရွာမှ ၆ ကတ်တို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပေးအပ်ရာ ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများကိုယ်စား ရပ်မိရပ်ဖများက လက်ခံရယူခဲ့ကြောင်း သိရသည်။

.

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လားရှိုးမြို့သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း ဘုန်းတော်ကြီး ကျောင်းသို့ သွားရောက်ပြီး မန်ဆူဆရာတော်အားဖူးမြော်ကန်တော့၍ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အလှူငွေကျပ်သိန်း ၂၀ ပေးအပ်လှူဒါန်းကာ ယင်းကျောင်းတိုက်၌ လားရှိုးမြို့၊ အမှတ် (၁/၅/၉/၁၀/၁၂ ) ရပ်ကွက်များမှ ပြည်သူ ၂၅၅ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ရာ ရပ်မိရပ်ဖများက လက်ခံရယူပြီး ပြည်သူများကိုယ်စား ရပ်မိရပ်ဖ ဦးမိုးစိန်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

.

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့သွားရောက်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနှစ်ဆန်းဦးက ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ လားရှိုး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းဇော်မင်းက ရွေးကောက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှု များနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီး လားရှိုးမြို့နယ် COVID-19ရောဂါကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးအာကာလင်းက COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

.

၎င်းနောက် လားရှိုးမြို့နယ် Coronavirus Disease-2019 ကာကွယ်ထိန်းချုပ်ကုသရေး ခရိုင်/မြို့နယ်အဆင့်လုပ်ငန်း ကော်မတီသို့ ထောက်ပံ့ငွေကျပ် ၁၀ သိန်းစီနှင့် COVID-19ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးသုံးပစ္စည်း Mask ၂၅၀၀ ခုတို့ကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူးဦးနေလင်းတို့က ပေးအပ်ရာခရိုင်/မြို့နယ်ဥက္ကဋ္ဌ များကလက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

.

လားရှိုးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း၌အမည်ပါဝင်ပြီး ကိုင်ဆောင်လက်မှတ်မရှိသေးသူ (မဲစာရင်းတွင် နိုင်ငံသား စိစစ်ရေး ကတ်အမှတ် မပါဝင်သူ) ၆၁၉၀၁ ဦးရှိပြီး၊ ယနေ့ထိ ၈၈၈၉ ဦးအား နိုင်ငံသားစိစစ်ရေးကတ် နံပါတ် စိစစ်ဖြည့်သွင်းခဲ့ပြီးဖြစ်ပါကြောင်း သိရသည်။

.

ထို့အပြင် မဲဆန္ဒရှင်စာရင်းတွင် အမည်မပါဝင်သည့် အသက် ၁၈ နှစ် ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများ အား အသစ်ပြုလုပ်ပေးခြင်းကိုလည်း ယနေ့ထိ ၂၆၀၂ ဦး ထပ်မံထုတ်ပေးခဲ့ပြီးဖြစ်ရာ ယနေ့အထိ မဲစာရင်း၌ မှတ်ပုံတင် အမှတ် မပါရှိသူ ၁၁၄၉၁ ဦးတို့အား မှတ်ပုံတင်နံပါတ် ဖြည့်သွင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats