စိုင်းသိခ်သူ
.
လားရှိုးမြို့နယ်တွင် စက်တင်ဘာလ ၃ ရက်၊ ညပိုင်းက
ဖွင့်လှစ်ခွင့်မပြုဘဲ ဖွင့်လှစ်ထားသည့် စည်းကမ်းပျက် KTV ဆိုင်တစ်ဆိုင်မှ
အမျိုးသမီး ၈ ဦးနှင့် လာရောက်သီဆိုသူ အမျိုးသား ၁၁ ဦးတို့ကို တွေ့ရှိသဖြင့်
သဘာဝဘေး အန္တရာယ် ဥပဒေများဖြင့် အမှုဖွင့် ဖမ်းဆီး အရေးယူထားသည်ဟု သိရသည်။
.
.
လားရှိုးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော
ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၃ ရက်၊ ည ၁၁ နာရီခွဲခန့် က လားရှိုးမြို့နယ်အတွင်းရှိ
KTV နှင့်
အနှိပ်ခန်းများကို ဝင်ရောက်စစ်ဆေးရှာဖွေရာ ရပ်ကွက် (၁)၊ နားမခေါ်ကားကြီး
ကွင်းအတွင်းရှိ SMARK-2 KTV
အနှိပ်ခန်းဆိုင်တွင် ဆိုင်ရှင်နှင့်အတူ ဝန်ထမ်းအမျိုးသမီး ၈ ဦးတို့ကို
ကာရာအိုကေစက် များနှင့်အတူ သိမ်းဆည်းရမိသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့်
သိမ်းဆည်းပြီး ဆိုင်ပိုင်ရှင်ဖြစ်သူ အပါအဝင် အမျိုးသမီး ၈ ဦးနှင့် ယင်း KTV ဆိုင်အတွင်း
တွေ့ရှိရသူ အမျိုးသား ၁၁ ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ
ခန့်ခွဲရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားခြင်းဖြစ်ကြောင်း သိရသည်။
“ဒုတိယမြို့နယ်
အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ COVID-19 ကော်မတီ
အဖွဲ့ဝင်တွေနဲ့ သွားစစ်တဲ့အခါမှာ တွေ့ တာပါ။ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု
ဥပဒေနဲ့ အရေးယူလိုက်တယ်။ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၈ ဦးပါ။ အမျိုးသမီးက SMARK-2 KTV ဆိုင်ရဲ့
ဝန်ထမ်းတွေပါ။ အနှိပ်ခန်းပါ တွဲဖွင့်ထားတယ်။ ဆိုင်ရှင်လည်း ပါတယ်။ ကျန်တာ က
အလုပ်သမားနဲ့ ဆိုင်လာတဲ့ ဧည့်သည်ပါ” ဟု လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး
ဦးအာကာလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ လားရှိုးမြို့မရဲစခန်းမှ
(ပ) ၄၄၆/၂၀၂၀ ၊ သဘာဝဘေးအန္တရာယ် ဥပဒေပုဒ်မ-၂၉ ဖြင့်
အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.