မင်းဇော်မင်း
.
လားရှိုးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ပြီး
လူသစ်စုဆောင်းမည့် သတင်းများကြောင့် နောင်ဖော့ ကျေးရွာအုပ်စု၊ ပန်ခန်ကျေးရွာမှ ဒေသခံ
၂၀၀ ကျော်သည် စက်တင်ဘာလ ၁ ရက်၊ ညပိုင်းက လားရှိုးမြို့၊ အမှတ် (၁၂) ရပ်ကွက်ရှိ သီရိမင်္ဂလာ
မန်ဆူ ရှမ်းကျောင်းသို့ တိမ်းရှောင်လာကြကြောင်း သိရသည်။
.
.
“လူတော့ မစုသေးပါဘူး။ ဒါပေမဲ့ တစ်ဘက်မှာ တိုက်ပွဲဖြစ်တဲ့နေရာကို
တပ်ကူပို့ လှုပ်ရှားနေတော့ လူသစ်စုတာတွေ၊ ငွေတောင်းတာတွေကို ရှောင်တဲ့အနေနဲ့ လာရောက်ကြတာပါ။
တစ်ဘက်သတ် အပစ်ရပ်တယ် ပြောပေမဲ့ ဒါမျိုးက အင်အားစုတတ်တာဖြစ်လို့ ဒေသခံတွေကကြောက်ကြတယ်”
ဟု တိမ်းရှောင်လာသူများ အား ကူညီပေးနေသူ လားရှိုးမြို့မှ ကိုမျိုးက ကမ္ဘောဇတိုင်းသို့
ပြောသည်။
ပန်ခန်ကျေးရွာမှ မန်ဆူကျောင်းသို့ တိမ်းရှောင်ရောက်ရှိလာသူများမှာ
အိမ်ထောင်စု ၉၀ စုမှ ကျား ၈၀ ဦး၊ မ ၁၃၇ ဦး၊ စုစုပေါင်း ၂၁၈ ဦးဖြစ်ပြီး ကလေးငယ်များ၊
သက်ကြီးရွယ်အိုများပါရှိကြောင်း သိရသည်။
.
အဆိုပါ တိမ်းရှောင်လာသူများအား မန်ဆူကျောင်းဆရာတော် ဘဒ္ဒန္ဒ
ပညာနန္ဒ နှင့် ၎င်းတည်ထောင်ထားသည့် ဂရုဏာဖောင်ဒေးရှင်းနှင့် လူမှုရေးအသင်းအဖွဲ့များ၊
ဌာနဆိုင်ရာများမှ Mask များ၊ ရေသန့်များ၊
မုန့်များကို လှူဒါန်း ပေးလျက်ရှိပြီး နေထိုင်ရေး၊ စားသောက်ရေး၊
ကျန်းမာရေးကိစ္စရပ်များအတွက် အဆင်ပြေစွာ ခိုလှုံနိုင်ရန် စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း
သိရသည်။
.
ထို့အပြင် လူစုလူဝေးမဖြစ်စေရန် တတ်နိုင်သမျှ အဆောင်များတွင်
ဖြန့်ခွဲထားရှိကာ စေတနာရှင်များက ဆန်အိတ်၊ အဝတ်အစား စသည်များ လာရောက်လှူဒါန်းပေးလျက်ရှိကြောင်း
သိရသည်။
.
“သွားခေါ်တော့ ခြုံတွေထဲက ထွက်လာကြတယ်။ လူငယ်တွေများတယ်။
လာခေါ်ပါဆိုလို့ အသင်းက ကား ၂ စီးနဲ့ ရွာက ထော်လာဂျီ ၄ စီးလောက်နဲ့ရောက်လာကြတာ။
ရှန်ခိုက်နားရောက်ခါနီး ထော်လာဂျီလမ်းကို မီးမှိတ်ပြီး မောင်းပါဆိုလို့ မောင်းခဲ့ရတယ်။
ရွာမှာ အမျိုးသမီးတချို့နဲ့ သက်ကြီးရွယ်အို ၃၀/၄၀ လောက်က နွားတွေ တိရစ္ဆာန်တွေကျန်နေလို့
မလိုက်ဘူး။ ဖြစ်လဲမတတ်နိုင်ဘူးပြောကြတယ်။ အားလုံး ၂၁၈ ဦး ဆိုပေမဲ့ ကျွန်တော် မှတ်ထားတာက
ကလေးတွေပါရင် ၂၂၄ ဦးပါ” ဟု လားရှိုးမြို့၊ မေတ္တာစမ်းရေလူမှုကူညီရေးအသင်းမှ ဒုတိယဥက္ကဋ္ဌ
ဦးမောင်ကြိုင်က ပြောသည်။
.
ပန်ခန်ကျေးရွာသည် လားရှိုးမြို့၏အနောက်ဘက် ၁၆ မိုင်ခန့်အကွာ
ရှန်ခိုက်လမ်းခွဲ အနီးတွင် တည်ရှိသော ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။
.
မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များဖြစ်သည့် AA၊ MNDAA
နှင့် TNLA တို့သည် စက်တင်ဘာလ ၁ ရက်မှ နိုဝင်ဘာလ
၉ ရက်အထိ ရက်ပေါင်း ၇၀ တစ်ဘက်သတ် အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာထားသည်။
.