မင်းဇော်မင်း
.
လားရှိုးမြို့၊ ရပ်ကွက် (၁၂) တွင် စက်တင်ဘာလ ၂၃ ရက် ညပိုင်းက
မိသားစုနှင့် စကားများရာမှ နေအိမ်မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.“သားအဖချင်းစကားများရာက ကိုယ့်အိမ်ကိုယ်ပြန်မီးရှို့တယ်လို့
သိရတယ်” ဟု လားရှိုးမြို့၊ ရပ်ကွက် (၁၂) နေ သူတစ်ဦးက ပြောသည်။
.
လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ နယ်မြေ (၁၈) ရှမ်းတောင်တန်းလမ်းနေ
လှစိန် (ခေါ်) စိန်အောင်သည် စက်တင်ဘာလ ၂၃ ရက်၊ ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့်က မိသားစုနှင့်စကားများရာမှ စောင်ကို မီးခြစ်ဖြင့်မီးရှို့ရာ နေအိမ်သို့
မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ည ၈နာရီအချိန်တွင် မီးအား ငြှိမ်းသတ်နိုင်ခဲ့ကြောင်း
သိရသည်။
.
“တပ်ဖွဲ့ဝင် ၃၅ ဦးနဲ့ မီးသတ်ယာဉ် ၆ စီး သွားရောက်ပြီး မီးငြှိမ်းသတ်ပါတယ်။
လူနဲ့ တိရစ္ဆာန် ထိခိုက်မှုမရှိပေမဲ့ ကိုယ့်အိမ်ကိုယ် ပြန်မီးရှို့တာကြောင့်
ဥပဒေအရ အမှုဖွင့်ပါတယ်” ဟု လားရှိုးခရိုင်မီးသတ်ဌာနဦးစီးမှူး ဦးအောင်ဇော်လင်းက ပြောသည်။
.
မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး၊ သွပ်ကာ မြေစိုက်တစ်ထပ်နေအိမ်
မီးလောင်ကျွမ်းပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၃၀၀၀၀၀ ခန့်ရှိကြောင်းနှင့် မီးရှို့သူ
လှစိန် (ခေါ် ) စိန်အောင်အား လားရှိုး နယ်မြေရဲစခန်းမှ (ပ)၁၃၅/၂၀၂၀၊ ပြစ်မှုပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်ဖမ်းဆီး
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.