မင်းဇော်မင်း
.
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
လောက်ကိုင်မြို့တွင် တရုတ်နိုင်ငံသား တစ်ဦးအား မြန်မာနိုင်ငံသား
၁ ဦးနှင့် တရုတ်နိုင်ငံသား ၈ ဦးတို့က ဖမ်းဆီးချုပ်နှောင် နှိပ်စက်ကာ
အကြွေးတောင်းသဖြင့် ၎င်းတို့အား ဖမ်းဆီးကာ တရားစွဲ တင်နိုင်ရေး ဆောင်ရွက်နေကြောင်း
သိရသည်။
.
“ သူတို့က အထောက်အထားမဲ့ ခိုးဝင်လာတာ စစ်ဆေး တွေ့ရှိရလို့
လဝက က ထပ်မံ အမှုဖွင့်ပါတယ်။ တရားရုံး စွဲတင်နိုင်ရေး ဥပဒေအကြံ တောင်းထားဆဲ ဖြစ်ပါတယ်။”
ဟု
လောက်ကိုင်မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
လောက်ကိုင်မြို့၊ ရပ်ကွက်(၃)
ရှိ အဆောက်အဦ တစ်ခု၌ စက်တင်ဘာ ၆ ရက်၊ ညနေ ၄ နာရီခန့်တွင် တရုတ်နိုင်ငံသား
တစ်ဦးအား မြန်မာနိုင်ငံသား တစ်ဦးနှင့် တရုတ်နိုင်ငံသား ၈ ဦးတို့က
အကြွေးမပေးသဖြင့်
အခန်းတွင်း ပိတ်လှောင် နှိပ်စက်နေသည်ကို တာဝန်ရှိသူများက
စစ်ဆေး တွေ့ရှိခဲ့ပြီးနောက် အနှိပ်စက်ခံရသည့်
တရုတ်နိုင်ငံသားအား ဆေးရုံသို့ ပို့ဆောင်ခြင်း၊ ပြစ်မှု
ကျူးလွန်သူများအား ကျန်းမာရေး စစ်ဆေးခြင်းနှင့်
တရားဝင်
ဝင်ရောက်လာသူများ ဟုတ်/မဟုတ် စစ်ဆေးခြင်းများ
ပြုလုပ်ပြီး လောက်ကိုင်မြို့မရဲစခန်း၌ (ပ)
၂၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၆၅/ ၃၄၆/ ၃၂၆/ ၁၇၁/ ၁၁၄ တို့ဖြင့် အမှုဖွင့်
ဆောင်ရွက်ထားခြင်း
ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ပြစ်မှုကျူးလွန်သူများ အနက် တရုတ်နိုင်ငံသား
ကျား ၇ ဦး၊ မ ၁ ဦး၊
စုစုပေါင်း ၈ ဦးတို့မှာ မြန်မာနိုင်ငံအတွင်းသို့
ခိုးဝင် ရောက်ရှိနေသူများ ဖြစ်ကြောင်း လဝကဌာနမှ
စစ်ဆေးတွေ့ရှိရသည့်အတွက် (ပ) ၂၂/၂၀၂၀၊ လဝက
အက် ၁၃(၁) ဖြင့် ထပ်မံ အမှုဖွင့်ကာ တရားစွဲ တင်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။