မင်းဇော်မင်း
.
ကျိုင်းတုံနှင့် တာချီလိတ်မြို့များတွင် COVID-19 ကပ်ရောဂါကာလ စည်းကမ်းသတ်မှတ်ချက်များအား ချိုးဖောက်ကာ ဖွင့်လှစ်ထားသည့် KTV
ဆိုင်များကို ဖမ်းဆီးပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေများဖြင့်
အမှုဖွင့် အရေးယူလျက်ရှိကြောင်း သိရသည်။
.
.
ထိုသို့ ဖမ်းဆီးရာတွင် စက်တင်ဘာလ ၄ ရက်၊ ည ၁၁ နာရီခန့်က တာချီလိတ်မြို့၊
မယ်ခေါင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ Chill Cool Ice Bar ကို မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးချမ်းမြေ့စောနှင့် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးရာ ဆိုင်အတွင်း အခန်း ၂ ခန်းကို
KTV ခန်းအဖြစ် ဖွင့်လှစ်လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း
သိရသည်။
အလားတူ ယင်းနေ့ည ၁၁ နာရီခွဲအချိန်ခန့်တွင် တာချီလိတ်မြို့၊ ရန်အောင်မြင်ရပ်ကွက်၊
ပါလျှံ (၃) ဗိုလ်ချုပ်လမ်းတွင် ဖွင့်လှစ်ထားသည့် Happy Night Karaoke ဆိုင်ကို ဝင်ရောက်စစ်ဆေးရာ
ဆိုင်အပေါ်ထပ် အခန်း ၃ ခန်းကို KTV ခန်းများအဖြစ် ဖွင့်လှစ်ပြီး
အောက်ထပ်တွင် စားသောက်ဆိုင်အဖြစ် ရောင်းချနေသည်ကို တွေ့ရှိရသဖြင့် ဆိုင်ရှင် စိုင်းကောင်းကျောက်
အား ဖမ်းဆီးရမိခဲ့ကြောင် သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅/၃၀(က)များဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
ထို့အပြင် ကျိုင်းတုံမြို့၊ အမှတ် (၃) ရပ်ကွက်၊ နောင်ခမ်းကန်အတီးတွင်
ဖွင့်လှစ်ထားသော KTV ဆိုင်တစ်ဆိုင်အား စက်တင်ဘာလ ၃ ရက်၊ ညပိုင်းက တာဝန်ရှိသူများမှ
ဝင်ရောက်စစ်ဆေးရာ အရက်သေစာ သောက်စားကာ သီချင်း သီဆိုနေသူ လူငယ် ၁၃ ဦးကို ဆိုင်ရှင်နှင့်အတူ
ဖမ်းဆီးရမိခဲ့ပြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၉ ဖြင့်
အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.