ကျိုင်းတုံတွင် တိရစ္ဆာန်များမှ လူကို ကူးစက်တတ်သော ရောဂါဖြစ်သည့် လက်ပ်တိုစပိုင်ရာ (Leptospira Species) သံသယ လူနာများ တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံတွင် တိရစ္ဆာန်များမှ လူကို ကူးစက်တတ်သော ရောဂါဖြစ်သည့် လက်ပ်တိုစပိုင်ရာ (Leptospira Species) သံသယ လူနာများ တွေ့ရှိ

မင်းဇော်မင်း

.

ကျိုင်းတုံမြို့နယ်တွင် တိစ္ဆာန်များမှ လူကိုကူးစက်တတ်သော ရောဂါဖြစ်သည့် လက်ပ်တိုစပိုင်ရာ (Lepstopira Species) သံသယလူနာများ တွေ့ရှိနေကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှ သိရသည်။

.

.

“ဖုန်းသတင်း ရတာကတော့ ၃/၄ ယောက်လို့ ပြောတယ်။ ဆေးရုံကြီးမှာ ရောက်နေတယ်” ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ထို့အတူ ယင်းဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်ကလည်း “ဆေးရုံကြီးမှာ ၂ ယောက်၊ ပြင်ပ ဆေးခန်းမှာ ၂ ယောက်ပါ။ ရောဂါပိုးကို ဓါတ်ခွဲစစ်ဆေးနေပါတယ်” ဟု ပြောဆိုခဲ့သည်။

.

လက်ပ်တိုစပိုင်ရာ (Leptospira Species) သည် ရောဂါဖြစ်စေသည့် ဘက်တီးရီးယားပို့ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး တိရစ္ဆာန်များမှတစ်ဆင့် လူသို့ ကူးစက်တတ်သော ရောဂါ (Zoonotic Disease) ဖြစ်ကာ ကပ်ရောဂါအသွင် ဖြစ်ပွား နိုင်သော ကူးစက်ရောဂါဖြစ်သဖြင့် အချိန်မီ ကုသမှု မခံယူပါက အသက်ဆုံးရှုံးနိုင်ကြောင်း ဒေါက်တာဘစိုးသက် ထံက သိရသည်။

.

Photo – Medicine Academic

တိရစ္ဆာန်များ၏ အညစ်အကြေးများ ရောနှောပါဝင်နေသည့် ညစ်ညမ်းသည့်ရေများအတွင်း  အလုပ်လုပ်ကိုင်ကြသူများ ဖြစ်သည့် တောင်သူလယ်သမားများ၊ မိုင်းတွင်းအလုပ်သမားများ၊ သန့်ရှင်းရေးလုပ်သားများ၊ တိရစ္ဆာန်မွေးမြူရေးနှင့် ရေလုပ်ငန်း လုပ်ကိုင်ကြသူများတွင် ရောဂါကူးစက်ခံရနိုင်ခြေ ပိုမိုများပြားပြီး အညစ်အကြေးများတွင် ပါဝင်သည့် ရောဂါဖြစ်စေသည့် ဘက်တီးရီးယားပိုးများက ထိတွေ့သူများ၏ အရေပြား၊ အထူးသဖြင့် အနာနှင့် ပွန်းပဲ့ဒဏ်ရာများ၊ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့မှ တဆင့် ရောဂါပိုးဝင်ရောက်ကူးစက်နိုင်သည်ဟု သိရသည်။

.

ရောဂါလက္ခဏာများအနေဖြင့် ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ဖျားခြင်း၊ ချမ်းခြင်း၊ အရေပြားတွင် အနီစက် အနီဖုများထွက်ခြင်း၊ မျက်လုံးနီရဲခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသားဝါခြင်းတို့ဖြစ်ပြီး ယင်းရောဂါသည် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊  တုပ်ကွေးရောဂါ၊ အသည်းရောင်အသားဝါရောဂါများ နှင့် ရောထွေးမှားယွင်းတတ်သည့်အတွက် ဓါတ်ခွဲစစ်ဆေးရန်လိုအပ်ကြောင်း သိရသည်။

.

“အကာအကွယ်တွေ ဖိနပ်လည်ရှည်၊ မျက်နှာကာ၊ လက်အိတ်၊ အနာရှိရင် အနာကပ်ပလာစတာ သေချာကပ်ဖို့ လိုပါမယ်။ မိုးရာသီရေလျှံနေချိန်၊ ကောက်ရိတ်သိမ်းချိန်တွေ ရေအိုင်တွေမှာ ရေချိုးတာ၊ ရေကူးတာတွေရှောင်ဖို့၊ ရေကို ကျိုချက်သောက်ဖို့၊ လက်ကို ဆပ်ပြာနဲ့သေချာဆေးဖို့၊ အမှိုက်တွေကို သေချာစွာစွန့်ပစ်ဖို့လိုအပ်ပါမယ်” ဟု ဒေါက်တာဘစိုးသက်က ဆက်လက်ပြောဆိုခဲ့သည်။

.

ထို့အပြင် မိုးရာသီ၊ ကောက်ရိတ်သိမ်းချိန်၊ ရေကြီးရေလျှံမှု၊ မုန်တိုင်းတိုက်ခတ်မှုများ ဖြစ်ပွားပြီးအချိန်များတွင် ရောဂါ ကူးစက်နိုင်မှု ပိုမိုများပြားနိုင်ကြောင်း သိရသည်။

.

ကမ္ဘာတစ်ဝှမ်းတွင် ယင်းရောဂါ ဖြစ်ပွားမှု မှတ်တမ်းများအရ သေဆုံးနှုန်း ၂ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိရှိသဖြင့် ရောဂါဖြစ်ပွားသူများပြားပါက သေဆုံးနှုန်းများပြားနိုင်သည့် ကူးစက်ရောဂါဖြစ်သဖြင့် ဆေးကုသမှုခံယူရန် အထူး လိုအပ်ကြောင်းနှင့် နောက်ကျပါက အသက်ဆုံးရှုံးနိုင်ကြောင်း သိရသည်။

.


Journal Download

Photo of three cats