မင်းဇော်မင်း
.
ကျိုင်းတုံအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင်
ရန်ကုန်တိုင်းဒေသကြီးမှ ရောက်ရှိလာသည့် အနံ့ အသက် မရရှိသော သတင်းထောက် ၂ ဦးအား
သီးခြားဆောင်၌ ထားရှိကာ ကြပ်မတ်ကုသပေးလျက်ရှိကြောင်း သိရသည်။
.
.
အဆိုပါ သတင်းထောက် ၂ ဦးသည် Frontier Myanmar သတင်းဌာနမှ အသက် ၂၇ နှစ်အရွယ်နှင့် အသက် ၂၃ နှစ်
အရွယ် အမျိုးသားများဖြစ်ပြီး ဩဂုတ်လ ၃၁ ရက်၊ နေ့လယ်ပိုင်းတွင် အနံ့အသက်မရရှိသဖြင့်
ကျိုင်းတုံပြည်သူ့ ဆေးရုံကြီးသို့ ကျန်းမာရေးစစ်ဆေးမှုခံယူရန် ရောက်ရှိလာစဉ်
ဆေးရုံအုပ်ကြီး ဒေါက်တာလှဌေးမင်းနှင့် တာဝန်ရှိသူ များမှ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ
အနံ့အသက် မရရှိဘဲ ကိုယ်အပူချိန် ၉၉ ဒီဂရီဖာရင်ဟိုက် ရှိနေသဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံဝင်းအတွင်းရှိ
ကူးစက်ရောဂါ သီးသန့် ဆောင်၌ ထားရှိ၍ ကြပ်မတ်ကုသပေးလျက်ရှိကာ ၎င်းတို့၏
ယာဉ်မောင်းဖြစ်သူ ကျိုင်းတုံမြို့နယ်၊ နောင်ကန်ကျေးရွာ အုပ်စု၊ ဟိုခိုကျေးရွာနေ
အသက် ၄၇ နှစ်အရွယ် အမျိုးသားအားလည်း ကျိုင်းတုံဆေးရုံကြီး၌ပင် Hospital Quarantine ထားရှိကာ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
“သတင်းထောက် ၂ ယောက် တည်းခိုသွားလာ ထိတွေ့ခဲ့တဲ့ သူတွေ ကို Home Queramtine လုပ်ဖို့
စီစဉ်နေသလို လေယာဉ်ခရီးစဉ်နဲ့ လိုက်ပါလာသူတွေအားလုံးကိုလည်း ကျန်းမာရေးဌာန၊
အုပ်ချုပ်ရေးဌာနဝန်ထမ်းတွေက နေ လိုက်လံ ရှာဖွေ ပြီး ဆက်သွယ်ကြဖို့
လုပ်ဆောင်နေပါတယ်။ သူတို့ရဲ့ တို့ဖတ်နမူနာတွေကိုလည်း ဒီနေ့လေယာဉ်နဲ့ ရန်ကုန်
အမျိုး သားဓာတ်ခွဲခန်းကို ပို့ဖို့ ဆောင်ရွက်နေပါတယ်။
သူတို့ကိုလိုက်ပို့တဲ့ကားသမားကိုတော့ Hospital Querantine ထားရှိစောင့်ကြည့်နေပါတယ်” ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း
ပြည်နယ်ကျန်းမာရေးဌာန ပြည်နယ်မှူး ဒေါက်တာမြင့်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ Frontier Myanmar သတင်းဌာနသို့ ကမ္ဘောဇတိုင်းမှ
ဆက်သွယ်မေးမြန်းရာတွင် သတင်း ထောက် ၂ ဦးမှာ နေမကောင်းသည့်အတွက် ဆေးရုံတက်ရောက်နေခြင်းဖြစ်ပြီး
ယင်း သတင်းထောက်များ ခရီးမသွားလာမီကာလ ကပင် သတင်းဌာနရုံး ပိတ်ထားပြီးဖြစ်ကြောင်းနှင့်
လိုအပ်ပါက မကြာမီအတွင်း သတင်းထုတ်ပြန်ချက် ထုတ်ပြန် ပေးသွားရန် ရှိနေကြောင်း ပြန်လည်ပြောဆိုခဲ့သည်။
.
ယင်းသတင်းထောက် ၂ ဦးသည် ဩဂုတ်လ ၂၉ ရက်တွင် ရန်ကုန်မြို့မှ
ကျိုင်းတုံမြို့သို့ ရန်ကုန်-ဟဲဟိုး-ကျိုင်းတုံ ခရီးစဉ်အတိုင်း လေကြောင်းဖြင့်
လာရောက်ခဲ့ခြင်းဖြစ်ပြီး ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊
တောင်ကြီးလမ်းရှိ ဟိုတယ်တစ်ခုတွင် တည်းခိုကာ ကျိုင်းတုံမြို့နယ်အတွင်းရှိ
တိုင်းရင်းသားများ၏ နေထိုင်မှု ရိုးရာဓလေ့များအား ရိုက်ကူးမေးမြန်းရေးအစီအစဉ်
ပြုလုပ်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်း သတင်းထောက်များနှင့်အတူ ဩဂုတ်လ ၂၉ ရက်က
လေကြောင်းခရီးစဉ်ဖြင့် ကျိုင်းတုံမြို့သို့ လာရောက် ခဲ့သောခရီးသည်များအား
သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ သတင်းပို့၍ Home Quarantine နေထိုင်ကြရန်
ကျိုင်းတုံခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး
ဦးဝင်းမင်းသိန်းက နှိုးဆော်ထားသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ ၂၃ ရက်မှ ယနေ့ စက်တင်ဘာလ ၁ ရက်၊
နံနက်ပိုင်းအထိ COVID-19 ရောဂါ
ဓါတ်ခွဲအတည်ပြုလူနာ ၈၈၇ ဦး ရှိလာနေပြီဖြစ်ပြီး ရှမ်းပြည်နယ်တွင် အတည်ပြုလူနာ ၁၁ ဦး
ရှိခဲ့သည့်အနက် ၁၀ ဦးမှာ ရောဂါမှ ပြန်လည် သက်သာ လာပြီဖြစ်ကာ လက်ရှိ
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် လူနာအမှတ် (၆၅၂) တစ်ဦးသာ တက်ရောက် ဆေးကုသမှု
ခံယူနေလျက်ရှိကြောင်း သိရသည်။
.