COVID-19 သံသယလူနာ ၂ ဦး တွေ့ရှိထားသည့်အတွက် ကျိုင်းတုံမြို့ရှိ ဈေးများကို ယာယီ ပိတ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 သံသယလူနာ ၂ ဦး တွေ့ရှိထားသည့်အတွက် ကျိုင်းတုံမြို့ရှိ ဈေးများကို ယာယီ ပိတ်မည်


စုလှိုင်
.
ကျိုင်းတုံမြို့နယ်တွင် COVID-19 သံသယလူနာ ၂ ဦး တွေ့ရှိထားသည့်အတွက် ကျိုင်းတုံမြို့ပေါ်ရှိ မြို့မဈေးနှင့် မြို့သစ် ဈေး (အာခါဈေး) တို့အား စက်တင်ဘာလ ၂ ရက်မှ ၄ ရက်အထိ ၃ ရက် ယာယီပိတ်ထားမည်ဖြစ်သည်ဟု ကျိုင်းတုံ မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
.

.
“၃ ရက် ယာယီပိတ်မှာပါ။ ကျိုင်းတုံမြို့ပေါ်မှာ သံသယလူနာ ၂ ဦးဆေးရုံရောက်လာတယ်။ အနံ့အသက် မရဘူး ဆိုတော့ ရောဂါဖြစ်နိုင်ချေရှိလို့ လူစုလူဝေးရှိတဲ့နေရာ သွားခဲ့ရင် အန္တရာယ်ဖြစ်လာမှာစိုးလို့ ကြိုတင်ကာကွယ်တဲ့ သဘောအနေနဲ့ ဈေးကို ၃ ရက် ပိတ်ဖို့ စီစဉ်ခဲ့တာပါ။ ပျံကျဈေးနဲ့ စားသောက်ကုန်၊ ကုန်စိမ်းတွေတော့ မပါပါဘူး။ အဲဒါတွေက အများပြည်သူအတွက် Social Distancing ထားပြီး ရောင်းပေးမှာပါ” ဟု ကျိုင်းတုံမြို့နယ်စည်ပင် သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ဈေးများအား ၃ ရက် ယာယီပိတ်ပြီးနောက်ပိုင်းတွင် ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံ၌ ရောက်ရှိနေသော သံသယလူနာ ၂ ဦး၏ ဓာတ်ခွဲအဖြေပေါ်မူတည်၍ ဈေးပြန်ဖွင့်လှစ်မည့် အခြေအနေကို ခရိုင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီနှင့် ဈေးကော်မတီတို့ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီး ပြန်လည်စီစဉ်သွားမည် ဖြစ်သည်ဟု ၎င်းထံက သိရသည်။.

ကျိုင်းတုံ မြို့မဈေးကြီးအား ပိတ်သိမ်းထားသော်လည်း ဈေးအနောက်ဘက်ရှိ ကုန်စိမ်းသည်များ၊ ပျံကျသည်များနှင့် ဈေးတွင်းရှိ သား/ငါးဆိုင်များအရောင်းဆိုင်များ၊ ကုန်စုံဆိုင်များအား ဖွင့်လှစ်ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
.
ကျိုင်းတုံအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ရန်ကုန်တိုင်းဒေသကြီးမှ ရောက်ရှိလာသည့် အနံ့အသက် မရရှိသော သတင်းထောက် ၂ ဦးအား ယမန်နေ့ ဩဂုတ်လ ၃၁ ရက်မှ စတင်၍ သီးခြားဆောင်၌ ထားရှိကာ ကြပ်မတ်ကုသပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats