မိုင်းထွန်း
.
ကျောက်မဲမြို့၊ ခိုမုန်းကျေးရွာစာသင်ကျောင်းရှိ ကုန်တင်ယာဉ်များအား
ကြီးကြပ်စစ်ဆေးရေးစင်တာ၌ သီးသန့် ကန့်သတ်ထားရှိထားသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များက
စက်တင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အချက် ၃ ချက်အား
စုပေါင်း တောင်းဆိုခဲ့သည်ဟု သိရသည်။
.
.
အဆိုပါ တောင်းဆိုချက်များမှာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား
ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကားများအား ဆေးဖျန်းခြင်းကို ပုံမှန်ဆောင်ရွက်ပေးရန်၊
စင်တာတွင် လုံခြုံရေးနှင့် ယာဉ်ထိန်း ထားရှိပေးရန်၊ မြို့တွင်းသို့ စည်းကမ်းမဲ့ ဝင်ရောက်နေသော
ယာဉ်မောင်းများကို ထိရောက်စွာ အရေးယူပေးရန် စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ
ကူးစက်ဖြစ်ပွားမှုများ မြင့်တက်လာသည့် နောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ရောဂါ
ကူးစက်မှုမဖြစ်ပွားစေရေးအတွက်မြို့နယ် COVID-19 ရောဂါ
ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ အစီအစဉ်ဖြင့် မြို့အဝင်ရှိ
လမ်းများအနက် ပင်လုံလမ်းတစ်လမ်းကိုသာဖွင့်ပေးပြီ ကျန်လမ်းများအားလုံး ကို
ပိတ်ထားကာ ပင်လုံလမ်းထိပ်တွင် ကျန်းမာရေးစစ်ဆေးရေးစင်တာ ထားရှိ၍ စစ်ဆေးမှုများ ဆောင်ရွက်နေခြင်း
ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် စက်တင်ဘာလ ၁၅ ရက်နေ့မှစ၍ ကျောက်မဲမြို့နယ်
ခိုမုန်းကျေးရွာအုပ်စု၊ ခိုမုန်းကျေးရွာ အမကကျောင်းတွင် ကုန်တင်ယာဉ်များ
စစ်ဆေးရေးစင်တာကို ထပ်မံထားရှိကာ COVID-19 ရောဂါ ဖြစ်ပွားမှုများသည့်ဒေသမှ လာရောက်
သည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို မြို့အတွင်းသို့
ဝင်ရောက်ခွင့်မပြုဘဲ ယာဉ်မောင်း လဲလှယ်သည့်စနစ်ဖြင့် မြို့အတွင်းသို့ ဝင်ရောက်၍ ကုန်တင်ကုန်ချ
လုပ်စေကာ ပြင်ပမှ လာရောက်သည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ခိုမုန်းအမကကျောင်းအတွင်း
သီးသန့်ကန့်သတ် ထားရှိထားခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းသီးသန့်ကန့်သတ်ထားရှိသည့်
ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များက ၎င်းတို့၏လိုလားချက် များကို မြို့နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့
တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်ပြီး မြို့နယ် ကော်မတီ တာဝန်ရှိသူများက သွားရောက်ညှိနှိုင်း
ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
.