ကပြောင်းကပြန်နဲ့ ခေါင်းလောင်းသံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကပြောင်းကပြန်နဲ့ ခေါင်းလောင်းသံ

ကျော်လင်းထွန်း (ချောင်းဦး)
.
စာ ရေးဖော်ရေးဖက် သူငယ်ချင်း စာရေးဆရာတစ်ယောက်က အကြံပေးလာပါတယ်။ ကပြောင်းကပြန်နှင့် စာသင်ကျောင်း ကခေါင်းလောင်းသံဆိုရင် ပိုကောင်းမလားလို့ပေါ့လေ။ ကျွန် တော်ကလည်း စာရေးဖော်ရေးဖက်ရဲ့ အကြံပြုစကားကို တန် ဖိုးထား စဉ်းစားရတာပေါ့။ သူ့အတွေးက မှန်ပါတယ်။ ခေါင်း လောင်းသံဆိုတာက အမျိုးမျိုးကိုဗျ။ ရေခဲချောင်း ရောင်းတဲ့ဆီ ကလား Church ကလား၊ အထည်ချုပ်စက်ရုံကလား စသည်ဖြင့် သံသယရှင်း၊ မေးခွန်းထင်းအောင် စာသင်ကျောင်းက ခေါင်း လောင်းသံဆို ပိုကောင်းပိုရှင်းပေါ့။ သူ့အတွေးက အတော် လျော်ကန်သင့်မြတ်ပါတယ်။ သို့သော် ဒါပေမဲ့။
.
COVID-19 ကာလ ကျောင်းဖွင့်ရဖို့အရေး ပြင်ရဆင်ရတဲ့ ဒုက္ခနှင့် ကျောင်းဖွင့်ဆဲ မြင်ရတွေ့ရတဲ့ စိတ်မချမ်းမြေ့ဖွယ် မြင် ကွင်းတွေနဲ့ ပတ်သက်ပြီး ကျောင်းဆရာလိုလည်းတွေး၊ကျောင်း သားမိဘနေရာလည်းတွေး၊ ကျောင်းသားကျောင်းသူ ဘက်က လည်းတွေး၊ အထက်က အစိုးရအဖွဲ့လူကြီးတွေဘက်ကလည်း တွေးပြီး ဆောင်းပါးများ ရေးဖွဲ့ခဲ့ပါတယ်။ အဲ့ဒီအထဲက ဆောင်း ပါး ပုဒ်က
.
`ခေါင်းလောင်းထိုးသံ ကြားရဖို့အရေး`
`ခေါင်းလောင်းထိုးသံ ကြားရပြန်လည်း`ဆိုပြီး ခေါင်းစဉ် တပ်ခဲ့ပါတယ်။ ဒီတော့ အခုဆောင်းပါးကိုလည်း ခေါင်းလောင်း သံ ဆိုတာလေးပဲ သုံးတာကိုတော့ဖြင့် သူငယ်ချင်း စာရေးဆရာ နားလည်ခွင့်လွှတ်ဖို့နဲ့ ကျွန်တော့်မိတ်ဆွေ ပရိသတ်လည်း လက်ခံပေးကြမယ် ယုံကြည်ရပါတယ်။
 
.
၂၁--၂၀၂၀ (အင်္ဂါနေ့)မှာ ညွှန်ကြားချက်၊ စစ်ဆေးချက် တွေ အမျိုးမျိုးနှင့် ခွင့်ပြုချက်ရဖို့အရေး နည်းလမ်းအမျိုးမျိုး ကြိုး စားဖွင့်လှစ်ခဲ့ရတဲ့ အထက်တန်းအဆင့် ကျောင်းတွေ၊ ဖွင့်နေ ရင်းလည်း စစ်ဆေးတာ အမျိုးမျိုး၊ report အမျိုးမျိုး၊ အစည်းအ ဝေး အမျိုးမျိုးနှင့် ဖွင့်လှစ်နေရတဲ့ အခြေခံပညာ အထက်တန်း အဆင့်ကျောင်းတွေ။ နာမည်ကြီး ထမင်းငတ် (တကယ့်ကို မင်း အကြိမ်ကြိမ်ငတ်ခဲ့ရတဲ့ ကိုယ်တွေ့) နှင့် ဝန်ကြီးဌာန ပညာ ရေး၊ ကျန်းမာရေး၊ ထွေ/အုပ်၊ မြန်မာနိုင်ငံရဲ၊ စည်ပင်၊ မီးသတ် စတဲ့ COVID-team တွေ အကြိမ်ကြိမ်တွေ့ဆုံ၊ ညွှန်ကြား၊ ညာပေး၊ ပြုပြင်၊ ရှောင်တခင်၊ သတိပေး၊ နှစ်သိမ့်ဆွေးနွေး၊ လက်တွဲပံ့ပိုးပြီး ဖွင့်ကြတဲ့ အထက်တန်းကျောင်းတွေ၊ ကျီးလန့် စာစားနှင့် ပရမ်းပတာ အိုးနင်းခွက်နင်း ဣန္ဒြေမဲ့စွာ ရပ်တည်ရင် ဆိုင်ကြရတဲ့ အထက်တန်းအဆင့် ဖွင့်ခွင့်ရကျောင်းတွေ။ ၂၇--၂၀၂၀ (ကြာသပတေး)နေ့ကစပြီး ယာယီပိတ်ကြဖို့ ၂၆--၂၀၂၀ (ဗုဒ္ဓဟူး)နေ့ နေ့လယ်ပိုင်း တစ်နာရီခွဲကျော်မှာ ဖုန်းသ တင်းတွေအရ ပိတ်ကြရပါတယ်။
.
ခဏနေ ၅၅ ချက်၊ ခဏနေ ၂၂ ချက်၊ ကျန်းမာရေးက ရှောင်တခင်၊ အဖွဲ့စုံက လာဦးမယ်ဆိုပြီး စာသင်ဖို့ထက် ခရီးဦး ကြိုရင်း ကျောင်းဖွင့်နေရတာထက် ပိတ်ပစ်လိုက်တာက နား အေးပါတယ်ဆိုပြီး တွေးမိနေကြတာ ကျောင်းအုပ်တိုင်းပါပဲ။ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေနှင့် စာသင်ဖို့ အားခဲ နေကြသည့် ဆရာတွေအတွက် စိတ်မကောင်းကြတာက ထုံး စံပါပဲ။ သို့သော်လည်း စာသင်ချိန်နည်း၊ ညစာမကျက် စာမမှတ် နှင့် Social distancing တွေနှင့် စာသင်နေရတာကိုဖြင့် ကျောင်းသားရော၊ ဆရာရော၊ မိဘရော သဘောလုံးဝမကျတာ မည်သူမျှ ငြင်းမရပါ။
.
နည်းပညာအားကိုးပြီး Zoom teaching တို့၊ Online တို့နှင့် သင်ကြားသင်ယူနေကြသော်ငြား ထိရောက်မှု၊ အကျိုးရှိမှု လုံး ဝမရှိတာ လူတိုင်းအသိပင် ထို့ကြောင့်ပင်လျှင် အချို့က COVID ကို ကြောက်ပြီး ရှောင်နေ၊ ပြေးနေတာ အလကားပဲ ဈေးထဲ၊ အရပ်ထဲလို Mask တပ်၊ လက်ခဏခဏဆေး၊ အပူချိန် တိုင်းပြီး ကျောင်းတက်ခိုင်းပြီး နေတာပဲဆိုပြီး အရဲစွန့်ကာ အား  ကုန်စိုက်ထုတ်လိုက်ကြတာ တွေ့ရပါတယ်။ သူတို့အတွေး၊ သူ တို့အထင်ကလည်း မမှားပါဘူးလေ။ ပတ်ဝန်းကျင်မှာ မြင်နေရ တာက ပုံမှန်။ စာသင်ကျောင်းကို ကျမှပဲ Social distancing နှင့်၊ Mask နှင့်၊ face Shield တွေနှင့်၊ hand gel တွေနှင့်စုံနေ တာကိုး။
.
လုံး၊ လုံး ဒိုင်တွေအိမ်၊ ဘောလုံးပွဲဒိုင်တွေအိမ်မှာ ဥဒ ဟိုဝင်ထွက်သွားလာ လောင်းကြေးထည့်နေတာက ပေါ်တင်၊ ကျူခုံ၊ ဘိလိယက်ခုံ၊ အကင်ဆိုင်၊ စားသောက်ဆိုင်၊ ဘီယာ ဆိုင်၊ KTV တို့ ကားဂိတ်တို့မှာက Mask မပါ။ Social distancing မရှိ၊ ပေမခွာ သွားလာနေကြတာက ဥဒဟို၊ ဟော ကလေးတွေ ပညာရေး စာသင်နေတဲ့ နေရာက ပေါ်တင် မဖွင့်ရတာနှင့် ညွှန်ကြားချက် ပေါင်းစုံနှင့်။ ရှောင်တခင်တွေရော၊ အမိန့် တွေရော၊ ဥပဒေတွေရော စုံမှ စုံပါပဲ။ ဆိုတော့ ဖြစ်နေတာက စာသင်ရတာက မှောင်ခို၊ ခိုးကြောင်ခိုးဝှက်၊ ကျီးလန့်စာစား။ ဘောလုံး၊ လုံး၊  လုံး လောင်းကစားနှင့် ဘီယာအရက်ဆိုင် တွေက ပေါ်တင်၊ အေးရာအေးကြောင်း ဆရာဆရာမ အပေါင်း တို့ခမျာ ရင်နာလိုက်ရသည်ဖြစ်ခြင်း။
.
ကလေးတွေရဲ့ ဆရာဆရာမတွေက မှောင်ခိုစာခိုးသင်၊ သံကျယ်ကျယ် မအော်ခိုင်းဘဲ ခိုးကြောင်ခိုးဝှက် စာသင်နေရချိန် ဘေးနားက အရက်ဘီယာဆိုင်က ဝါးကနဲ ဟေးကနဲ သော သောကို ညံနေပါလေရဲ့ COVID-19 ကိုပဲ အပြစ်ပြောရမလား စီမံအုပ်ချုပ်နေသူကိုပဲ အပြစ်ပြောရမလား။ လိုင်းရွေးမှားတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်ဖို့ရမလား သေချာတာကတော့ တကယ့် ကပြောင်းကပြန်။
.
`လက်ချင်းယှက်ကာ၊ ပြေးကာလွှားကာ၊ ကျောင်းတက် လာကြတာတွေရယ်။` ဆိုတဲ့ ဂန္ထဝင် `အသီးတစ်ရာ အညှာတစ် ခု`သီချင်းသံကို COVID-19 ကြောင့် ဝမ်းနည်းနှမြောမိရင်း တွံ တေးသိန်းတန်ကို အားနာမိတာ ခဏခဏပါပဲလေ။
.
ရောဂါအခြေနေ အရနှင့် ခေတ်ကာလ အခြေအနေအရ စာသင်ကျောင်းတွေကို အခုလို ခြောက်တိခြောက်ကပ်၊ သက်မဝင် ဖွင့်လှစ်နေရတာကို ဘဝင်မကျမိတာကို အကြိမ် ကြိမ် ရေးသားတင်ပြခဲ့ပါတယ်။ စိတ်မကောင်းမိတာကတော့ တွေးမိတိုင်း၊ မြင်မိတိုင်းပါ။
.
စာသင်ကျောင်းဆိုတာ ကျောင်းသားကျောင်းသူများ ပြေး လွှားပျော်ပါး ဆော့ကစားကြရင်း ဆရာနှင့်တပည့် ကြည်နူးရွှင် လန်းစွာ စာသင်ကြား သင်ယူကြရမည့်နေရာ။ တစ်ယောက်နှင့် တစ်ယောက် အပြုံးချင်းဖလှယ်ပြီး နှုတ်ဆက်ရမည့်အချိန် ကပ် ရောဂါ ကာကွယ်ရေး Mask ကြောင့် အပြုံးမမြင်ကြရ။ ငူတူတူ ငိုင်တိုင်တိုင်နှင့် COVID ဗိုင်းရပ်စ် သယ်လာမလား ဆိုသောသံ သယနှင့် ဆရာဆရာမက ကလေးကို အပူတိုင်းစစ်ဆေး။ နွေး ထွေးပျူငှာ နှုတ်ဆက်ကြိုဆိုရမည့် ကျောင်းပေါက်ဝင်ဝမှာ စိုး ရိမ်စိတ်ကိုယ်စီ။ ကြောက်စိတ်ကိုယ်စီနှင့် ပေခြား တန်းစီသွား နေကြသည်မှာ စာသင်ကျောင်းလား၊ တရားစခန်းဝင် ရိပ်သာ လား ထင်မှတ်မှားစရာပင် ဖြစ်နေပါတော့တယ်။ ကျောင်းတက် မည့် ကလေးတွေက စင်္ကြန်လျှောက် တရားမှတ်လို့ပေါ့။
.
ကျောင်းသားကျောင်းသူတွေဆိုတာ အချင်းချင်း စည်းလုံး ညီညွတ်မှု၊ ညီညွတ်မျှတမှုတွေနဲ့ အမြင်ချင်းဖလှယ်၊ အသိချင်း ဝေမျှကြရမည့် အရွယ်တွေပါ။ အခုလို ကပ်ရောဂါကာလကြီးမှာ ကန့်သတ်ချက် လမ်းညွှန်ချက်နဲ့အညီ တစ်ဦးနှင့်တစ်ဦး ထွေး ရောယှက် တင်ခွင့်မရဘဲ ခေါင်းလောင်းသံတီး ကျောင်းကြီးဖွင့် လည်း အချည်းနှီးဆိုတာ ပြောပါရစေ။
.
COVID ကာလတွင်း အခုကျောင်းဖွင့်ခဲ့တဲ့ တစ်လကျော် ကျော် ကာလကလေးကိုပဲ သုံးသပ်စေချင်ပါတယ်။ ညွှန်ကြား စစ်ဆေးကြရတဲ့ တာဝန်ရှိလူကြီး တွေမှာလည်း ပင်ပန်းပြီး ကျိုးမရှိကြ ကျောင်းအုပ်ကြီးတွေ၊ ကိုယ်ပိုင်ကျောင်းတည်ထောင် သူတွေခမျာမှာလည်း အခုဒီဟာစစ်မယ်၊ ခဏနေဟိုဟာစစ်မယ် ဆိုတော့ ကလေးတွေ စာသင်ခွင့်ရဖို့အရေး အဖတ်ဖတ်ကိုမော ပြီး ငွေကကုန်၊ ဝင်ငွေကနည်း။ ဒီကြားထဲ အဆူကခံရသေး။ ဆိုတာက ဘယ်ကဘယ်သူမှန်းမသိတဲ့ ကိုယ့်တပည့် သားသမီး အရွယ်တွေက မျက်နှာထားတင်းတင်းနှင့် ဝင်ရောက်စစ်ဆေး တာကို မျက်နှာချိုသွေး ဖာထေးရသေးရဲ့ ကလေးတွေ ပညာ သင်ခွင့် ရဖို့အရေး ကပြောင်းကပြန် ဆက်ဆံရေးလည်း နား လည်ပေးလိုက်ကြရပါတယ်။
.
ကျွန်တော်ဒီကြားထဲမှာ ကိုဗစ်ကပေးသော သင်ခန်းစာများ ဆိုပြီး ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါသေးတယ်။ ဒီတော့အချို့စာ ဖတ်ပရိသတ် ဆရာဆရာမအချို့က ဆရာရယ် ကိုဗစ်ကပေး သော ဒဏ်ရာတွေဆို ပိုမှန်ပါလိမ့်မယ်လို့ ပြောလာကြပါတယ်။
.
`ဘာပဲပြောပြော ရာဇဝင် ရှိတယ်
 အခုတော့လည်း ဒါတွေဒါတွေ ပြီးခဲ့ပါပြီ။
.
ပြီးခဲ့ပါပြီ`ဆိုတဲ့ လွှမ်းမိုးသီချင်းထဲကလိုပဲ သမိုင်းတစ်ခု အနေနှင့်ဖြင့်တော့ အထက်တန်းအဆင့် ကျောင်းဖွင့်ရတဲ့ သင် ခန်းစာရော အတွေ့အကြုံရောကဖြင့် စာဖွဲ့ကုန်အံ့မထင်ပါ။
.
စာသင်ကျောင်းတွေဖွင့်လျှင် စာသင်ကျောင်းကို စာသင် ကျောင်းလို ဖွင့်စေချင်ပါတယ်။ စာသင်ကျောင်းလိုဖွင့်မှ စာသင် လို့ရမှာပါ။ စာသင်ကျောင်းကတစ်ဘက် ဆေးခန်းက တစ်ဘက် ဆိုလျှင် မီးစာတစ်ဘက် ရေမှုတ်တစ်ဘက်နှင့် လှေနံ ဘက် နင်း ဖြစ်နေပါလိမ့်မည်။
.
အခြားအရာကို လက်တည့်စမ်းပါ။ ပညာရေးကိုလက်တည့် မစမ်းကြပါနဲ့လားဗျာ။ အစမ်းသပ်ခံဘဝနှင့် ရပ်တည်နေရတဲ့ `ယဲ့ ယဲ့` ပညာရေးကို စမ်းသပ်ကြည့်တာ အားမနာကြသေးဘူးလား ဗျာ ခေတ်အဆက်ဆက်က စမ်းသပ်ခံရတဲ့ ပညာရေးကို COVID-19 အကြောင်းပြ စမ်းသပ်နေလျှင်ဖြင့် ငွေကုန်လူပန်း အကျိုးလုံးဝမရှိပါ။ သို့ပါ၍ ဒီတစ်ခါ ကျောင်းများပြန်ဖွင့်ခွင့်ပေး လျှင်ဖြင့် ခုတစ်မျိုး၊ တော်ကြာတစ်မျိုး၊ ကပြောင်းကပြန်နှင့် ခေါင်းလောင်းသံ မဖြစ်ရလေအောင် တောင်းဆိုပါရစေရဲ့ သက် ဆိုင်ရာ လူကြီးမင်းများ ခင်ဗျာ။

Journal Download

Photo of three cats