ခွန်သန်းအောင်
.
အောင်ပန်းမြို့၊
ညောင်ပင်ထောင်ရပ်ကွက်နေ အမျိုးသား တစ်ဦးကို ည မထွက်ရ အမိန့် ဖောက်ဖျက်မှုဖြင့်
ကလောမြို့နယ်တရားရုံးက ယနေ့(စက်တင်ဘာလ ၁၄ ရက်)တွင် အလုပ်နှင့် ထောင်ဒဏ် ၃ လ
ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
.
အောင်ပန်းနယ်မြေ ရဲစခန်းမှ
ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မြို့ပေါ် လှည့်ကင်းတာဝန် ထမ်းဆောင်နေစဉ်
စက်တင်ဘာလ ၁၄ ရက်၊ နံနက် ၂ နာရီခန့်တွင် အောင်ပန်း-တောင်ကြီး သွား ကားလမ်းမပေါ်၌ အမျိုးသား
တစ်ဦးအား မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရာ အကျိုးအကြောင်း ဆီလျော်စွာ
ပြောဆိုနိုင်ခြင်း မရှိ၍ ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်အား လိုက်နာခြင်း မရှိဘဲ
ဖောက်ဖျက် ကျူးလွန်သဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့နောက် ကလောမြို့နယ်အုပ်ချုပ်ရေးမှူးမှ
ကလောမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ ယင်း ည မထွက်ရအမိန့်
ဖောက်ဖျက်ကျူးလွန်သူ အသက် ၃၅ နှစ်အရွယ် ကိုဖိုးထူးအား တရားရုံးမှ ရာဇသတ်ကြီး ပုဒ်မ
၁၈၈ (ဒုတိယပိုင်း)အရ ပြစ်မှုထင်ရှား ဆုံးဖြတ်ခြင်း ခံရသဖြင့် အလုပ်နှင့် ထောင်ဒဏ်
၃ လ ကျခံစေရန် အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ကလောမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ
၈ ရက်ကလည်း ညမထွက်ရ
Curfew
အမိန့် ဖောက်ဖျက်သူ ၂ ဦးကို ထောင်ဒဏ် ၃ လစီ ကျခံစေရန်
ကလောမြို့နယ်တရားရုံးက အမိန့် ချမှတ်ခဲ့သည်။