မင်းမင်း .
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကမ္ဘောဇဘဏ်၏ လှူဒါန်းမှုကို ကြိုဆိုသည့်အနေဖြင့် ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမြို့ အောင်မြေဘုံစံသာမဏေကျော် ကျောင်းတိုက်၌ စက်တင်ဘာလ ၆ ရက်၊ နံနက်ပိုင်းတွင် သစ်ပင်/ပန်းပင်များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
.
“ COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေမှာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ လိုအပ်ချက်အတွက် မြန်မာနိုင်ငံ တစ်ဝန်းမှာ ကမ္ဘောဇဘဏ်က ငွေကျပ် ၆၁၄၄၂ သိန်း ဖြည့်ဆည်း လှူဒါန်းပေးခဲ့တာ ရှိတယ်၊ ဆက်ပြီးတော့ လှူဒါန်းနေတာကို မြင်တွေ့ ကြားသိနေရပါတယ်။ အဲဒီလို လှူဒါန်းတာကို ကြိုဆို ထောက်ခံတဲ့ အနေနဲ့ သစ်ပင်၊ ပန်းပင်တွေကို စိုက်ပျိုးတာပါ။” ဟု အောင်မြေဘုံစံ သာမဏေကျော် ကျောင်းတိုက်မှ ရဟန်းတစ်ပါးက မိန့်သည်။
.
အဆိုပါ သစ်ပင်/ပန်းပင်များ စိုက်ပျိုးခြင်းကို အောင်မြေဘုံစံသာမဏေကျောင်းတိုက်မှ ဘဒ္ဒန္တခေမာနန္ဒနှင့် ရဟန်း၊ သာမဏေများ၊ ရှမ်းပြည်နယ် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့် သစ်တောဝန်ထမ်းများက ကျန်းမာရေး လမ်းညွှန်ချက်များနှင့် အညီ တပေဘူတာ ၁၀၈ ပင်၊ တပေါင်းပန်းနှင့် အခြားသော ပန်းပင်များအား စိုက်ပျိုးခဲ့ကြခြင်း ဖြစ်သည်။
.
ကမ္ဘောဇဘဏ်သည် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငွေကျပ် ၆၁၆၄၂ သိန်းကို လှူဒါန်းထားပြီး ဖြစ်သည့် အပြင် နိုင်ငံတော်နှင့် ပြည်သူ့အတွက် ယနေ့အချိန်ထိ လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသ မရွေး၊ ကဏ္ဍအသီးသီးအတွက် အလှူငွေ စုစုပေါင်း ၁၆၆ ဘီလီယံကျော်ကို လှူဒါန်းထားကြောင်း သိရသည်။
.