ကမ္ဘောဇဘဏ်သည် COVID-19 ကူးစက်မြန် ရောဂါ ဖြစ်ပွားနေချိန်ကာလတွင်
နိုင်ငံအဝှမ်းရှိ ရောဂါခံစားနေရသော Positive လူနာများနှင့် ၎င်းတို့ကို
ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ရောဂါ
ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို ဆက်လက်ပေးပို့ လှူဒါန်းလျက်ရှိရာ
ယနေ့ (စက်တင်ဘာလ ၁၄ ရက်) နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့
အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ကုတင်(၅၀၀)
ပြည်သူ့ဆေးရုံကြီးအတွက် COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်း ၇
မျိုးနှင့် အထွေထွေ အသုံးပြုရန်အတွက် ငွေကျပ်သိန်း ၁၀၀ တို့ကို ပေးအပ်
လှူဒါန်းခဲ့ကြောင်း သိရသည်။
.
အဆိုပါ အခမ်းအနားသို့
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စည်ပင်သာယာရေးဝန်ကြီး
ဒေါက်တာစောညိုဝင်း၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးညွန့်လွင်၊
တိုင်းကျန်းမာရေးမှူး ဒေါက်တာ ရန်နိုင်မောင်၊ ကမ္ဘောဇဘဏ်(ပဲခူး) ဘဏ်ခွဲ(၁)
တာဝန်ခံ ဒေါ်သွဲ့သွဲ့အေးနှင့် အခြားဘဏ်ခွဲ(၅)ခုမှ တာဝန်ခံများနှင့်
ဝန်ထမ်းများ၊ မြို့မိမြို့ဖများ တက်ရောက်ကြသည်။
.
ကမ္ဘောဇဘဏ်(ပဲခူး) ဘဏ်ခွဲ(၁) တာဝန်ခံ ဒေါ်သွဲ့သွဲ့အေးနှင့်
အခြားဘဏ်ခွဲတာဝန်ခံများက အလှူငွေနှင့် ကျန်းမာရေး အထောက်အကူပြု
ပစ္စည်းများကို ပေးအပ် လှူဒါန်းရာ မြင်းခြံမြို့ရှိ positive လူနာများနှင့်
၎င်းတို့အား ကျန်းမာရေး စောင့်ရှောက်မှု ပေးနေကြသည့် ဝန်ထမ်းများအတွက်
COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်း ၇ မျိုးကို
တိုင်းကျန်းမာရေးမှုး ဒေါက်တာ ရန်နိုင်မောင်က လည်းကောင်း၊ ပဲခူးမြို့
ပြည်သူ့ဆေးရုံကုတင်(၅၀၀)၊ အထွေထွေ အသုံးပြုနိုင်ရန်အတွက် ငွေကျပ် သိန်း ၁၀၀
ကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက
လည်းကောင်း အသီးသီး လက်ခံရယူပြီးနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က
ကျေးဇူးတင်စကား ပြောကြားပြီး ဂုဏ်ပြု မှတ်တမ်းလွှာအား
ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
.
ကမ္ဘောဇဘဏ်မှ ယနေ့လှူဒါန်းသည့်
COVID-19 ကာကွယ်ရေး အထောက်အကူပြုပစ္စည်း ၇ မျိုးမှာ ဆေးရုံသုံး Mask ၁
သိန်း၊ ခေါင်းစွပ် ၂၀၀၀ ၊ မျက်နှာအကာ(Face Shield) ၅၀၀ ၊ လက်အိတ် ၅၀၀၀ ၊
Hand Gel ဘူးကြီး ၅၀၀ ၊ မျက်မှန် ၁၀၀ နှင့် PPE ဝတ်စုံ ၂၀၀ တို့
ဖြစ်ကြောင်း သိရသည်။
.
ကမ္ဘောဇဘဏ်သည် အခြားသော
ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ မြို့များသို့လည်း COVID-19
ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို နေရာအရောက် စနစ်တကျ
ပေးပို့လှူဒါန်းသွားမည် ဖြစ်ကာ စက်တင်ဘာ ၇ ရက်တွင် ရှမ်းပြည်နယ်ပြည်သူလူထု
စားနပ်ရိက္ခာကော်မတီမှ တဆင့် လှူဒါန်းထားရှိသည့် ငွေကျပ်သိန်း ၂၀၉၀
တန်ဖိုးရှိ ဆေးရုံသုံး Mask အခုရေ ၁၀ သိန်း၊ ခေါင်းစွပ် ခုရေ ၁ သိန်း၊
လက်အိတ် အခုရေ ၁ သိန်း၊ မျက်နှာအကာ အခုရေ ၅၀၀၀၀ ၊ Hand Gel ဘူးကြီး ၅၀၀၀ ၊
PPE ဝတ်စုံ ၁၀၀၀ တို့ကို ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံအဝှမ်းသို့ စနစ်တကျ
ဖြန့်ဝေ လှူဒါန်းရန် စီစဉ်ထားကြောင်းလည်း သိရသည်။
.
ကမ္ဘောဇဘဏ်သည်
COVID-19 ရောဂါ မဖြစ်ပွားမီ ဖေဖော်ဝါရီလ ၂၆)ရက်မှ စတင်၍ COVID-19 ရောဂါ
ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက် တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် ငွေကျပ် ၆၃၉၃၂ သိန်းကို လှူဒါန်းထားရှိပြီး ဆက်လက်၍လည်း
နိုင်ငံတော်နှင့် ပြည်သူ့အတွက် လူမျိုး မရွေး၊ ဘာသာမရွေး၊ နေရာဒေသ မရွေး၊
လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာများ၌ လိုအပ်သည်များကို
အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် ပေးပို့လှူဒါန်းရန် စီစဉ်ထားရှိကြောင်း
သိရသည်။
.

Home
ကမ္ဘောဇအုပ်စု
ကမ္ဘောဇဘဏ်မှ ပဲခူးတိုင်းဒေသကြီးသို့ COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများ ပေးအပ် လှူဒါန်း