နန်းထက်ထက်
.
တောင်ကြီး-ဟိုပုံးသွား ပြည်ထောင်စုလမ်းမပေါ်ရှိ
ဟိုပုံးမြို့ဝင် တိုးဂိတ်အနီးရှိ COVID-19 ရောဂါ ကာကွယ် တားဆီးရေး စစ်ဆေးရေးဂိတ်၌ ကျန်းမာရေး
စစ်ဆေးမှုများ ပြုလုပ်နေစဉ် စက်တင်ဘာလ ၁၇ ရက်က အမျိုးသား တစ်ဦးထံမှ မူးယစ်ဆေးဝါးများ
ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ကျန်းမာရေး စစ်ဆေးရေးဂိတ်၌
အထောက်အထားမဲ့ အမျိုးသားတစ်ဦး တွေ့ရှိသဖြင့် လာရောက် စစ်ဆေးပေးရန် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်
တစ်ဦးက ဟိုပုံးမြို့မရဲစခန်းသို့ ဆက်သွယ် အကြောင်းကြားခဲ့သဖြင့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များက
သက်သေများနှင့်အတူ သွားရောက်စစ်ဆေးစဉ် ယင်း အထောက်အထားမဲ့ ထောက်ခံစာ မပါရှိသည့် အမျိုးသားမှာ
ဟိုပုံးမြို့၊ တုံခမ်းရပ်ကွက်၊ နယ်မြေ(၂)နေ အသက် ၁၉ နှစ်အရွယ် ဖိုးကြာ ဖြစ်ပြီး ၎င်း၏
ခန္ဓာကိုယ်တွင် လွယ်ထားသည့် လွယ်အိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား
၂၂ ပြားအား တွေ့ရှိ၍ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသည့် ဖိုးကြာအား ဟိုပုံးမြို့မရဲစခန်း၌
အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်ထားကြောင်း သိရသည်။
.