.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဟင်းသီးဟင်းရွက်များအား တန်ဖိုးမြှင့် ရောင်းချနိုင်ရေးအတွက် Greenhouse တည်ဆောက်ပြီး စိုက်ပျိုးသည့်စနစ်ဖြင့် စမ်းသပ်စိုက်ပျိုးနေလျက် ရှိကြောင်း သိရသည်။
.
“ တန်ဖိုးနည်း Greenhouse တည်ဆောက်ဖို့ ဆိုရင် လေထန်တဲ့ကုန်းကို ရှာပြီး တည်ဆောက်ဖို့ လိုပါတယ်။ လေထန်ရင် ပန်ကာ တပ်စရာ မလိုတော့ဘူး တံခါးဖွင့်ပေးလိုက်ရင် ရပြီ။ ဇကာတပ်ရင်တော့ အဝင်အထွက် တပ်ဖို့ လိုပါတယ်။ အပေါ်ကို မိုးကာစ အုပ်ထားတော့ အပူချိန် မြှင့်စေတာပေါ့၊ ပြီးတော့ ကိုယ့်ဒေသမှာ ရှိတဲ့ ဝါးတွေနဲ့ပဲ တည်ဆောက်ထားပါတယ်။ ဒီထဲမှာ စိုက်ပျိုးတဲ့ ကုန်စိမ်းသီးနှံတွေက ပိုးသတ်ဆေး ဖြန်းခြင်း မရှိဘူး။ Greenhouse တည်ဆောက်ပြီး စိုက်ပျိုးမယ်ဆိုရင် တန်ဖိုးမြှင့် ရောင်းချနိုင်ပါတယ်။” ဟု Greenhouse တည်ဆောက်ပြီး စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေသူ ဦးခွန်ဆန်းဦးက ပြောသည်။
.
Greenhouse အား ကိုယ်တိုင် တည်ဆောက်ပါကငွေကျပ် ၃ သိန်းဝန်းကျင်သာ ကုန်ကျမည် ဖြစ်ပြီး ကျွမ်းကျင်သူများအား ငှားရမ်းတည်ဆောက်ပါက ၁၀ သိန်း ဝန်းကျင်ခန့် ကုန်ကျနိုင်ကြောင်းနှင့် Greenhouse တည်ဆောက်သည့် နည်းပညာများအား သိရှိလိုပါက လာရောက် ဆယ်သွယ်မေးမြန်းနိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
.
နောင်တရားမြို့၌ တည်ဆောက်ထားသည့် အဆိုပါ Greenhouse စိုက်ပျိုးရေးခြံတွင် နှမ်းရွက်၊ ဆလတ်ရွက်၊ မုန်ညှင်းဖြူနှင့် အခြားသော အခြေခံစားသောက်ကုန်များကိုလည်း စိုက်ပျိုးထားရှိပြီး သီးနှံများ အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။
.