မောင်မောင်သန်း
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ စက်တင်ဘာ ၂၁ ရက်၊ နံနက်ပိုင်းက ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ် COVID-19 ကော်မတီ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
.
တွေ့ဆုံပွဲတွင် နောင်ချိုမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဦးမှ မဲရုံကိစ္စရပ်များ၊ မြို့နယ်လုံခြုံရေး၊ လူ လုံခြုံရေး၊ လမ်းလုံခြုံရေးနှင့် စည်းရုံးရေးကာလ ဖြစ်သောကြောင့် လုံခြုံရေး ကိစ္စရပ်များ ဆောင်ရွက်ထားမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ နောင်ချိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းက နောင်ချိုမြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
.
COVID-19 ရောဂါသည် ကမ္ဘာနဲ့ အဝန်း ဖြစ်ပွားနေသည်ကို အားလုံးအသိ ဖြစ်ပါကြောင်း၊ COVID-19 ရောဂါထိန်းချုပ်မှုနှင့် ပက်သတ်၍ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌမှ ရှင်းပြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နောင်ချိုမြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ရေးအတွက် အားလုံးက ဝိုင်းဝန်းထိန်းသိမ်း ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ကျန်းမာရေးကိုလည်း အထူးဂရုစိုက် ဆောင်ရွက်ကြရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။
.
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးနေလင်းတို့မှ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် ကျန်းမာရေးသုံး ပစ္စည်းများ ဖြစ်သည့် mask ၂၅၀၀ ခုကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
.